စီဒီအမ်အေ (800 MHz) ဖုန်းများတွင် EVDO လိုင်းဖွင့်ထားသူများ အနေဖြင့် ဖုန်းကတ်ပျက်စီး၍ အသစ်ပြန်လျှောက်ပါက မူလ ပေးသွင်းထားသော EVDO လိုင်းကြေးဆုံးရှုံးကာ လိုင်းဖွင့်ကြေး ကျပ် (၃၀,၀၀၀) ထပ်မံပေးသွင်းရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ရုံးများတွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။ EVDO ဝန်ဆောင်မှုစနစ်ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ (၈) ရက်နေ့မှာ (၁၂) ရက်နေ့အထိ ရတနာပုံဆိုက်ဘာစီးတီး၌ ကျင်းပပြုလုပ်ခဲ့သော (၉) ကြိမ်မြောက် Myanmar ICT Week တွင် စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး CDMA 800MHz ဖုန်းများတွင် အင်တာနက် ဝန်ဆောင်မှုကို သုံးစွဲခွင့် ရရှိစေခဲ့သည်။
CDMA(800MHz) ဖုန်းများတွင် ကျပ်ငွေ (၃၀,၀၀၀) ပေးသွင်း၍ RUIM ကတ်လဲလှယ်ကာ EVDO စနစ်ဖြင့် အင်တာနက် အသုံးပြုနိုင်ခြင်းကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် စတင်နိုင်ခဲ့သည်။ ယခုအခါ ထို EVDO လိုင်းဖွင့်ထားသူများ အနေဖြင့် RUIM ကတ်ပျက်စီးသွားပါက EVDO လိုင်းဖွင့်ကြေး ကျပ် (၃၀,၀၀၀) ဆုံးရှုံးမည် ဖြစ်ကြောင်း သိရသည်။ “CDMA (800 MHz) တွေရဲ့ ဖုန်းကတ် ပျက်စီးရင်တော့ အစိုးရကို တရားဝင် (၁) သိန်းပေးပြီး ထပ်လျှောက်လို့ ရပါတယ်။ အင်တာနက် သုံးလို့ရတဲ့ RUIM ကတ်ပျက်ရင်တော့ ပထမသွင်းထားတဲ့ ငွေတွေဆုံးသွားမှာပါ။ အားလုံး ပြန်လျှောက်ရင်တော့ ကျပ် (၃၀,၀၀၀) ကျော်လောက် ကုန်ကျနိုင်ပါတယ်" ဟု ဖုန်းအကျိုးဆောင် တစ်ဦးဖြစ်သူ ဦးကောင်းထက်စံက ပြောသည်။
အဆိုပါ CDMA (800 MHz) ဖုန်းများတွင် EVDO စနစ်ဖြင့် အင်တာနက် အသုံးပြုရာတွင်လည်း ယခုအခါ ဟန်းဆက်များတွင် Proxy နံပါတ်များခံ၍ အသုံးပြုစရာ မလိုတော့သဖြင့် ယင်းနံပါတ်ကိုကျော်၍ အင်တာနက် တိုက်ရိုက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ CDMA (800MHZ) ဖုန်းများတွင် အင်တာနက် အသုံးပြုလာနိုင်သောကြောင့် အွန်လိုင်းအသုံးပြုသူများအနေဖြင့် အင်တာနက် ဆိုင်များသို့ သွားစရာမလိုဘဲ မိမိအိမ်တွင်ရှိသော Laptop, Desktop များ နှင့် အခြားအင်တာနက် အသုံးပြုနိုင်သော Mobile Device များဖြင့် မိမိရုံးနှင့် အိမ်များတွင် ကွန်ပျူတာဖြင့် အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ရာ အချိန်ပိုကုန်စရာမလိုဘဲ မိမိဖုန်းမှတစ်ဆင့် Email နှင့် အခြားသတင်း အချက်အလက်များကို ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။
Ref:http://news.yatanarpon.com.mm/news/news-16279
No comments:
Post a Comment