သိရှိလိုသောအကြောင်းအရာများကို အလွယ်တကူရှာဖွေပြီး ရွေးချယ်ကြည့်ရှုနိုင်စေရန်အတွက် ကွန်ပျူတာသင်တန်းအချို့နှင့် ဈေးဝယ်စင်တာအချို့တွင် Touch Screen နည်းပညာသုံးScreen ကြီးများ ထားရှိလာသည့်အတွက် သင်တန်းစုံစမ်းချင်သူများနှင့် ဈေးဝယ်လာသူဖောက်သည်များ ပိုမိုအဆင်ပြေလာကြောင်း သိရသည်။ အဆိုပါ Touch Screen နည်းပညာသုံးပစ္စည်း များတွင် ပြည်တွင်းဆော့ဖ်ဝဲပညာရှင်များ ကိုယ်တိုင်ရေဆွဲထားသော ဆော့ဖ်ဝဲများကို ထည့်သွင်းအသုံးပြုထားခြင်းဖြစ်ကြောင်း သိရသည်။ ကွန်ပျူတာသင်တန်းတစ်ခုဖြစ်သော KMD Computer Centre တွင် သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖွင့်လှစ်မည့်သင်တန်းများ၊ သင်တန်းအချိန်နှင့် သင်တန်းအတွက်ကျသင့်မည့်ငွေ၊ သင်တန်းကာလ အစရှိသည်တို့ကို မိမိကိုယ်တိုင် Touch Screen နည်းပညာစနစ်သုံး ဘုတ်ပေါ်တွင် အလွယ်တကူ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
“ဒီစနစ်ကိုထားပေးရတာကတော့ သင်တန်းတက်ချင်တဲ့သူတွေ မိမိတက်ချင်တဲ့သင်တန်းတွေကို ကိုယ်တိုင်ရွေးချယ်နိုင်ပြီး၊ သင်တန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်တိုအတွင်းမှာ အကုန်သိရှိနိုင်စေဖို့အတွက် ပြုလုပ်ထားတာပါ။ ဒီလိုလုပ်ထားပေးတဲ့အတွက် သင်တန်းတက် ချင်တဲ့လတွေ မိမိတက်ချင်တဲ့သင်တန်းကို ဘယ်သူ့ကိုမှမေးစရာမလိုဘဲ Touch Screen ပေါ်မှာ ကိုယ်တိုင်လက်နဲ့ထောက်ကြည့်ရုံနဲ့ အသေးစိတ်အချက်အလက်ကို သိရှိနိုင်ပါတယ်” ဟု KMD Computer Centre မှာ Deputy General Manager ကိုစိုးငွေရမှ အင်တာနက်ဂျာနယ် သို့ပြောသည်။
Shopping Centre များအတွက် ပြည်တွင်းဆောဖ့်ဝဲကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှရေးဆွဲပေးသည့် Shopping Mall Search Dierctory ဆော့ဖ်ဝဲကို Touch Screen နည်းပညာသုံးပစ္စည်းတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် ဈေးလာဝယ်သည့်သူများ မိမိဝယ်ယူလိုချင်သည့်ပစ္စည်းကို ဆိုင်ခန်းအမည်၊ တည်ရှိရာနေရာနှင့် မိမိဝယ်ယူလို သည့်ပစ္စည်းများ ရှိသည့် ဆိုင်များကို ရွေးချယ်စစ်ထုတ်၍ ဖော်ပြပေးသဖြင့် အချိန်မရသော ဈေးဝယ်သူများအတွက် ပိုမိုသင့်တော်သလို၊ ပစ္စည်းကို အလွယ်တကူရှာဖွေနိုင်သည့်အတွက် အချိန်ကုန်သက်သာပြီး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဒီ Shopping Mall Search Directory ဆော့ဖ်ဝဲကို သင်္ကြန်မတိုင်ခင် ကတည်း က ရေးဆွဲပြီးခဲ့တာပါ။ အရမ်းကြီးတဲ့ Shopping Mall လိုနေရာမှာ မိမိလိုချင်တဲ့ပစ္စည်းတွေကို တစ်နေရာထဲမှာအလွယ်တကူရှာနိုင်မှာပါ။ လက်ရှိမှာတော့ ဒီဆော့ဖ်ဝဲကို နေပြည်တော်မှာရှိတဲ့ Capital Hyper Market မှာ သုံးစွဲထားပါတယ်။
Shopping Mall တွေရဲ့ မည်သည့်နေရာမှာမဆို လူမြင်နိုင်တဲ့နေရာမှာ Touch Screen နည်းပညာသုံး ကွန်ပျူတာထဲကို ဒီဆော့ဖ်ဝဲထည့်သွင်းထားရုံနဲ့ Shopping Mall ထဲမှာ ရောင်းချတဲ့ဆိုင်တွေ၊ ပစ္စည်းတွေကို Brand အလိုက်ခွဲခြားပြီး၊ အလွယ်တကူရှာဖွေနိုင်မှာပါ။ ပြီးတော့ ဒီဆော့ဖ်ဝဲမှ ကြော်ငြာထည့်သွင်းလိုတဲ့အတွက် Shopping Mall ပိုင်ရှင်တွေအတွက် ၀င်ငွေပြန်ရနိုင်မှာဖြစ်သလို၊ ဒီ Shopping Marll မှာရောင်းချတဲ့ ဆိုင်ခွဲတွေရှိရင်လည်း ဆက်သွယ်နိုင်မယ့်လိပ်စာတွေကို မော်နီတာပေါ်ကနေ ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်” ဟု Myanmar Technology Gateway မှ Assistant Manager ကိုညီညီထွေးမှ အင်တာနက်ဂျာနယ် သို့ပြောသည်။ အသုံးပြုသူများက အချိန်ကုန်သက်သာ၍ မိမိသိရှိလိုသည့် အချက်အလက်များကို တစ်နေရာတည်းတွင် အလွယ်တကူသိရှိနိုင်သည့်အတွက် သုံးစွဲသူများအဆင်ပြေပြီး သဘော ကျနှစ်သက်ကြောင်းလည်း သိရသည်။ Ref: Myanmar Internet Journal