Monday, July 4, 2011

Cloud ရဲ့ အကောင်းဆုံး အကျိုးကျေးဇူး (၁၀)ချက်

ရှေ့တစ်ပတ်က ဖော်ပြခဲ့တဲ့ Cloud Computing ဟုဆိုရာဝယ် ဆိုသည့် နည်းပညာစာစုလေး ကဏ္ဍ မှ အခန်းဆက် အဖြစ် Cloud ရဲ့ အကောင်းဆုံး အကျိုးကျေးဇူး (၁၀)ချက် ဖော်ပြပေး လိုက် ပါတယ်။


Cloud ကို ဘာကြောင့်အသုံးပြုရတာလဲ။  အသုံးပြုခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်ဆို တာ လူစိတ်ဝင်စားမှုအရှိဆုံးအကြောင်းအရာတစ်ခုပါပဲ။ Google နဲ့ Amazon တို့က သူတို့ရဲ့ Cloud Music Service ကို အကောင်အထည်ဖော်ခဲ့ပြီး မကြာမှီမှာပဲ Apple ကလည်း သူတို့ iCloud ကို စတင်မိတ်ဆက်ပေးခဲ့ ပါတယ်။ ဒါတွေဟာ Cloud ရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို ထောက်ပြနေတာဖြစ်ပါတယ်။ Cloud ကို အသုံးချခြင်းဟာ ကုန်ကျစရိတ် သက်သာစေတယ် ဆိုတာတော့ အများသိရှိနေလောက်ပြီဖြစ်ပါတယ်။ နောက်လက်ရှိအချိန်က Cloud ဟာ လွန်ခဲ့သော နှစ်အနည်းငယ်လောက်ကထက် ပိုမိုပြီး စွမ်းဆောင်ရည်မြင့်မား လာတယ်ဆိုတာက တော့ သေချာပါတယ်။ ဒီတော့လက်ရှိအကောင်းဆုံး အကျိုးကျေးဇူး ၁၀ ချက်ကို ရွေးထုတ်ကြည့် လိုက်ပါ မယ်။


 ၁။ ဖိုင်များ ဝေမျှခြင်း (File Sharing)


ဖိုင်တွေကို ဝေမျှခြင်းမှာ ယခင်အချိန်များက ဒုက္ခအတော်များခဲ့ကြပါတယ်။ များသောအားဖြင့် ရုံးလုပ်ငန်းတွေ မှာ များစွာလှသော ၀န်ထမ်းတွေက ဖိုင်တစ်ခုထဲကိုပဲ တစ်နေ့ထဲ တစ်ပတ်ထဲမှာ အကြိမ်ရေများစွာကို မျှဝေသုံးစွဲ နေရတဲ့အတွက် အချိန်နှောင့်နှေးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကို Cloud မှာ ဖြေရှင်းပေးထားပါတယ်။ သူ့မှာ Drop Box လို ပုံစံရှိပါတယ်။ ဖိုင်တစ်ခုကို ပစ်ထည့်လိုက်ပြီး sync လုပ်လိုက်တာနဲ့ ဒီဖိုင်ကို ကျန်လူအများကပါ တိုက်ရိုက်မျှဝေသုံး စွဲနိုင်ကြပြီဖြစ်ပါတယ်။ ဒါဟာများစွာလှသော ကော်ပီဖိုင်တွေကို တစ်ကြိမ်တစ်ခါပဲနဲ့ပြုလိုက် လိုက်ခြင်းလည်း ဖြစ်ပါတယ်။ အကြမ်းအားဖြင့် သတ်မှတ်ရရင်တော့ 2GB ဆိုတဲ့ သိုလှောင်မှု ပမာဏပေါ်မှာ လူအများဟာ မျှဝေသုံးစွဲနိုင်ကြမှာ ဖြစ်တာကြောင့် ပြင်ပ ဆာဗာတွေရဲ့ Infracstructure တွေကိုလည်း လျှော့ ချပေးနိုင်မှာ ဖြစ်ပါတယ်။


 ၂။ Software


လူတစ်ယောက်ဟာ ရုံးလုပ်ငန်းသုံး software တွေကို နေ့စဉ် ပုံစံချနေရတာတွေဟာ တကယ်တမ်း တော့ မလွယ်ကူလှပါဘူး။ နောက်တစ်ခုက ဆော့ဝဲတွေကို ၀ယ်ယူအသုံး ပြုရတဲ့အတွက် ကုန်ကျစရိတ်တွေဟာ မြင့်မားလှပါတယ်။ Cloud ကို ရောက်ရှိလာတဲ့ အချိန်မှာတော့ လုပ်ငန်းပိုင်းဆိုင်ရာ ဆော့ဝဲတွေက ထောင့်ပေါင်း စုံ ကနေ ကြွယ်ဝလာပါတယ်။ Text Document, Spreadsheets, slide show presentations နဲ့ အခြား သော မီဒီယာ ပုံစံတွေကို ဖန်တီးဖို့အတွက် ဆော့ဝဲတွေကို အလွယ်တကူ ဝေမျှသုံးစွဲလာနိုင်ခဲ့ပါတယ်။ အဲဒါတွေထဲက တစ်ခုကို ရွေးထုတ်ပြရမယ်ဆိုရင် Google Appက တော်တော်လေးကို အဆင်ပြေပါတယ်။ မိုက်ခရိုဆော့ office ရဲ့ အခြေခံအဆင့်တော်တော်များများကို လုပ်ဆောင်ပေးနိုင်ပါတယ်။ တခြားသော Apps တွေအနေနဲ့ လည်း Huddle နဲ့ Zoho တို့လည်း အသုံးချနိုင်ပါသေးတယ်။ ဒါပေမယ့် Google Apps က အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ပေးနိုင်ပါလိမ့်မယ်။


 ၃။ E-Mail


သင်ဟာ E-Mail အသုံးပြုသူတစ်ယောက်ဆိုရင် နေ့စဉ်စာတွေပို့တာတွေ လက်ခံရရှိတာ တွေရှိနေမှာပါ။ ဒါတွေ ကို ရေးသားပြီးပို့လိုက်တာတွေရယ်၊ လက်ခံပြီး သိမ်းဆည်းတာတွေရယ်ကို ပြုလုပ်တာများလာတဲ့ အချိန်မှာ သင့်ရဲ့ သိမ်းဆည်းနိုင်မှု ပမာဏဟာ လျော့ကျသွားနိုင်ပါတယ်။ ဒီလို လျော့ကျသွားတဲ့ ဖြစ်စဉ်မျိုး မဖြစ်ပေါ် လာစေဖို့အတွက် Cloud Storage Server တွေထဲမှာ သင့်ရဲ့ မေးလ် အချက်အလက်တွေကို သိမ်းဆည်းခြင်း ဟာ များစွာ အဆင်ပြေစေပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ မေးလ်စနစ်တွေထဲမှာ ဂျီမေးလ်ကတော့ အဆင်ပြေ နိုင်ဆုံးဖြစ်ပြီး သိုလှောင်မှု ပမာဏ အမြင့်မားဆုံး ဖြစ်ပါတယ်။


 ၄။ အသံတွေကို Cloud ထဲမှာ သိမ်းထားမယ်။


ဖုန်းစနစ်ဟာ ကောင်းမွန်ပေမယ့် ကုန်ကျမှု စရိတ်မြင့်မားလှပါတယ်။ ဒါဆိုရင်တော့ Cloud ဟာ ဒီပြဿနာ တွေကို ဖြေရှင်းပေးပါလိမ့်မယ်။ သင့်ရဲ့ချိတ်ဆက်ထားတဲ့လူတွေဆီကို ပို့လွှတ်နိုင်ဖို့ အတွက် အသံတွေကို Cloud ထဲမှာ သိမ်းဆည်းထားပြီး ပြန်လည်မျှဝေခြင်းဟာလည်း Phone အတွက် ကုန်ကျစရိတ်ကို လျှော့ချပေး နိုင်ပါလိမ့်မယ်။ Connection ကောင်းဖို့တော့ မလွဲမ သွေလိုအပ်နေပါလိ့မ်မယ်။


၅။ Host your website


သင်ဟာ ဈေးနှုန်းအများကြီး ပေးသွင်းရတဲ့ Web site hosting တစ်ခု ၀ယ်ယူထားတယ်ဆိုပါစို့။ သင့်ကုမ္မဏီ အတွက်ပဲဖြစ်ဖြစ် သင့်ကိုယ်ရေးအချက်အလက်တွေအတွက်ပဲ ဖြစ်ဖြစ် တည်ဆောက် ထားတဲ့ ၀တ်ဘ်ဆိုဒ်ဟာ တဖြည်းဖြည်းနဲ့ ကုန်ကျစရိတ်မြင့်တက်လာနိုင်ပါတယ်။ Cloud မှာတော့ အံ့သြစရာတွေကို ယူဆောင်လာပေး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သင်ဟာ စီမံခန့်ခွဲမှုပြု လုပ်နိုင်စွမ်း ရှိဖို့တော့ လိုအပ်မှာဖြစ်ပြီး နာမည်ကောင်းရှိတဲ့ Host တစ်ခုမှာ တင်ထားနိုင်ပါတယ်။ Data တွေကို တော့ Cloud ဆာဗာမှာ သိမ်းဆည်းခြင်းဟာ မလိုလားအပ်တဲ့ အပိုစရိတ်စကတွေကို လျှော့ချပြီးသားဖြစ်ပါလိမ့်မယ်။


၆။ Back-up Your Data


ကုမ္ပဏီအများစု အတွက်အများဆုံး အဆင်ပြေစေတဲ့ ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ Client အသီးသီးဆီက အချက်အလက်တွေကို တချိန်ထဲ တနေရာတည်းကနေပြီး စီမံခန့်ခွဲမှု လုပ်နိုင်တာ Cloud System ပဲ ဖြစ်ပါ တယ်။ ဒီလိုပါပဲ သင့်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို Cloud ထဲမှာ သိမ်းဆည်းထားခြင်းဟာလည်း Data ဆုံးရှုံးမှုကနေ ကာကွယ်ပေးပြီးသား ဖြစ်ပါလိမ့်မယ်။ Carbonite, SugaerSyc နဲ့ CrashPlan တို့လိုမျိုး Back-up Solution တွေကို အသုံးပြုခြင်းဟာ များစွာအသုံးတည့်စေပါလိမ့်မယ်။


၇။ မီဒီယာဖျော်ဖြေရေး (Media Entertainment)


iTunes Store လိုမျိုးနေရာဟာ သီချင်းတွေနားထောင်ဖို့အဆင်ပြေဆုံးဖြစ်သလို ဗွီဒီယိုတွေ ကြည့်ရှုဖို့ အတွက်လည်း Youtube က အသင့်တော်ဆုံးဖြစ်မှာပါ။ Cloud စနစ် ဖြစ်ပေါ်လာချိန်မှာ လူအများစုအတွက် မီဒီယာဖျော်ဖြေရေးစနစ်တွေဟာ အမှန်တကယ်ကို စိတ်ကူးယဉ်ဆန်လာကြပါတယ်။ သီချင်းတွေ၊ ဗွီဒီယို တွေကို တချိန်ထဲမှာပဲ နေရာဒေသများစွာက မျှဝေကြည့်ရှုနားဆင်နိုင်သလို မိမိနှစ်သက်ရာအမျိုးအစားကို ရွေး ချယ်နိုင်တာကလည်း Cloud ရဲ့ အကျိုးကျေးဇူးပါပဲ။ Google, Amazon နဲ့ Apple တို့ကလည်း Cloud Media ထဲကို ခြေလှမ်းကျဲကျဲလှမ်းဝင်နေကြပြီ ဖြစ်ပါသည်။


၈။ Instant Messaging


အီးမေးလ် အသုံးချခြင်းဟာ ကောင်းမွန်ပါတယ်။ ဒါပေမယ့် Cloud ဖွံ့ဖြိုးလာချိန်မှာတော့ Instant Messaging ဟာ ပိုမိုနေရာယူလာနိုင်ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုရင်တော့ အီးမေးလ်စနစ်မှာ အချိန်ပေးရပေမယ့် instant messaging မှာတော့ လိုအပ်တဲ့ Short Facts တွေကို အချိန်တို အတွင်းပေးပို့ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။


၉။ Track Your Business Statistics


သင်ဟာညနေ ၅ နာရီနဲ့ ၇ နာရီကြားမှာ အရောင်းစာရင်းကို လေ့လာချင်တယ်ဆိုပါစို့။ သင့်ဝန်ထမ်း ဟာ ကွန်ပျူ တာကို Logပြုလုပ်သွားခြင်းကြောင့်ဖြစ်စေ ၀တ်ဘ်ဆိုဒ်ရဲ့ အခြေအနေကို ပြောင်းလဲ ထားခြင်းကြောင့် ဖြစ်စေ ကြည့်ရှုလို့ရနိုင်မှာ မဟုတ်ပါဘူး။ သင်ဟာ cloud အခြေပြု စီးပွားရေးဖြစ် မယ်ဆိုရင်တော့ ဘယ်အချိန်မှာမဆို သင်လိုချင်တဲ့ အချက်အလက်တွေကို အချိန်တိုအတွင်း သွားရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်စီးပွါးရေးရဲ့ လစ်ဟာကွက်တွေကို သင်ကိုယ်တိုင် တိုက်ရိုက်ထိတွေ့လာနိုင်မှာလည်းဖြစ်ပါတယ်။


၁၀။ ကွန်ပျူတာ စွမ်းဆောင်ရည်


နောက်ဆုံးအချက်နဲ့ အဓိက အကျဆုံးပါပဲ။ Cloud ပေါ်မှာ ကွန်ပျူတာတွေက ပုံရိပ်သတ်သတ်သာ ဖြစ်လာပါ တယ်။ ကွန်ပျူတာတွေအတွက် ကုန်ကျစရိတ်ကို စိုးရိမ်ပူပန်နေဖို့ မလိုအပ်တော့ပါဘူး။ သက်သာလှတဲ့ Device တစ်ခုရှိနေမယ်ဆိုရင်တောင် သင့်လုပ်ငန်းအတွက် များစွာသော အထောက် အကူကိုပေးနိုင်မှာဖြစ်ပါတယ်။ အရေအတွက်များပြားလာမယ်ဆိုရင် အိုင်တီကုန်ကျစရိတ် တွေကို များစွာလျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။


နောက်ထပ် Cloud System နှင့် ပတ်သက်၍ တင်ပြမည့် post များတွင် cloud computing device များ အကြောင်း၊ Cloud Computing အထောက်အပံ့နည်း ပညာများ အကြောင်း တင်ပြပေးသွားပါမည်။ ကျေးဇူး တင်ပါသည်။

No comments:

Post a Comment