ကနဦးတပ်ဆင်ခကျပ်ငါးသိန်းဖြင့် ငှားရမ်းသုံးစွဲခွင့်ပြုခဲ့သည့် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းလိုင်းများမှာ ယခုနောက်ပိုင်းတွင် သုံးစွဲသူများပြားလာသည့်အလျောက်ပျက်စီးပျောက်ဆုံးသည့် အရေအတွက်လည်း တိုးပွားလာခဲ့ကြောင်း ထိုဖုန်း RUIM ကတ်များကို လဲလှယ်ပေးသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အလုံ)ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ကတ်ပျက်၊ ကတ်ပျောက်တွေ အခုနောက်ပိုင်းများလာပြီ။ အခုဆိုရင် ကတ်အရေအတွက် ၂၀၀ ကျော်လောက်အထိ လဲလှယ်ပေးလာရတယ်။ ကတ်ကပျက်တာဆိုရင်တော့ ပျက်တဲ့ကတ်ကိုပြပြီး လဲလိုက်တာနဲ့တင်ရတယ်။ ပျောက် တာဆိုရင်တော့ ရဲစခန်းထောက်ခံစာတွေလိုတယ်” ဟု ၎င်းကပြောသည်။ ဖုန်း RUIM ကတ်များလဲလှယ်ရာတွင် ဖုန်းနှင့်သက်ဆိုင် သောစာရွက်စာတမ်းများကို မူရင်းအပြင် မိတ္တူကိုပါတင်ပြရန်လိုအပ်ကြောင်း၊ ပျက်စီးပျောက်ဆုံးခြင်းအတွက် ကတ်အသစ်လျှောက်ထားပါက ကျပ်တစ်သိန်းပေးသွင်းရန်လိုအပ်ကြောင်း သိရသည်။ လူကြီးမင်းမိုဘိုင်းဖုန်းအရောင်းဆိုင်တာဝန်ရှိသူ ဦးကိုကိုအောင်က “မိုဘိုင်းဖုန်းတွေမှာ အက်ပလီကေးရှင်းတွေအလုပ်လုပ်နေတုန်း RUIM ကတ်အဖြုတ်အတပ်လုပ်ရင်တော့ ကတ်ပျက်နိုင် ချေ ပိုမိုများပြားတယ်။ ပုံမှန်ဆိုရင်တော့ ဒီ RUIM ကတ်တွေက ခြောက်လ၊ တစ်နှစ်သုံးရုံနဲ့ ဘာမှမဖြစ်ပွားနိုင်ပါဘူး” ဟုပြောသည်။ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများ၏ ကတ်ပျက်စီး၊ ပျောက်ဆုံးခြင်းအတွက် အသစ်လဲလှယ် ပေးခြင်းကို အလုံမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးတွင် နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေးသားသူ - မြင့်ကျော်လှိုင်
|
No comments:
Post a Comment