၂၀၁၁ ၊ ဖေဖော်ဝါရီလ ၄ ရက်မှစတင်၍ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည့် Elite Express ယာဉ်လိုင်းသစ်တွင် ရွေ့လျားအင်တာနက်ဝန်ဆောင်မှုကို သုံးစွဲနိုင်ရန်စီစဉ်လျက်ရှိကြောင်း ထိုယာဉ်လိုင်းမန်နေဂျာ ဦးထွန်းမြင့်စံကပြောကြားသည်။ “မက်ဝဲလ် အင်တာနက်လိုင်း ဒါမှမဟုတ်လည်း SkyNet ကအင်တာနက်လိုင်းစသည်ဖြင့် အင်တာနက်လိုင်းတစ်ခုခုကိုတော့ ယာဉ်လိုင်းမှာ တပ်ဆင်ပေးသွားဖို့ရှိပါတယ်။ ဘီလ်ကောက်မှာလား၊ မကောက်ဘူးလားဆိုတာကတော့ မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းကပြောသည်။ ဆွီဒင်နိုင်ငံမှတင်သွင်းသော ခရီးသည်တင်ယာဉ်ကြီးများဖြင့် ပြေးဆွဲသည့် အဆိုပါယာဉ်လိုင်းတွင် ခရီးသည်များ၏ ဆက်သွယ်ရေးပိုင်းအဆင်ပြေစေရန်အတွက် ဖုန်းတပ်ဆင်ပေးထားသည့်အပြင် ကျပ်ငါးသိန်းတန်ကြိုတင်ငွေပေးကတ်များကိုလည်း ရောင်းချပေး သွားမည်ဖြစ်ကြောင်းဆိုသည်။ ထိုယာဉ်လိုင်းမှ မနွယ်ဇင်ထွန်းက “ယာဉ်လိုင်းပေါ်မှာ နေပြည်တော်ကျပ်ငါးသိန်းတန်ဖုန်းတွေ တပ်ဆင်ပေးထားတယ်။ အ၀င်ဖုန်းဆိုရင်တော့အခမဲ့ပဲ။ အထွက်ဆိုရင်တော့ တစ်မိနစ်ကို တစ်ရာကျပ်သတ်မှတ်ထားတယ်။ လျှပ်စစ်ပါဝါအတွက်ကတော့ လက်ပ်တော့ပ်တွေနဲ့မိုဘိုင်းဖုန်းတွေ အားသွင်းနိုင်အောင်ထိုင်ခုံနှစ်ခုံခြားစီမှာ မီးပလပ်ပေါက်တွေ ထားရှိပေးထားတယ်” ဟုပြောသည်။ ထို့ပြင် အဆိုပါယာဉ်လိုင်းရှိ အဝေးပြေးယာဉ်ကြီးတိုင်းတွင် မောင်းနှင်မှုအမြန်နှုန်းကို ကွန်ပျူတာဆော့ဖ်ဝဲဖြင့် ထိန်းချုပ်နိုင်သည့်စနစ်ကိုလည်း တပ်ဆင်ထားကြောင်း သိရသည်။ “Scania ဆော့ဖ်ဝဲကို သုံးစွဲထားတယ်။ ဒီဆော့ဖ်ဝဲကြောင့် မော်တော်ယာဉ်က ၁၁၅ ကီလိုကိုသာ မောင်းနှင်ခွင့်ရရှိမှာပါ။ ယာဉ်လိုင်းမှာ အန္တရာယ်ကင်းရှင်းဖို့ကို အဓိကဦးစားပေးထားပါတယ်” ဟု ဦးထွန်းမြင့်စံကပြောသည်။ ထိုယာဉ်လိုင်းမှာ ရန် ကုန်နှင့် နေပြည်တော်မြို့များအကြား တစ်နေ့လျှင်ခြောက်ခေါက်နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခကို လက်မှတ်တစ်စောင်လျှင် ၆,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
ရေးသားသူ - မြင့်ကျော်လှိုင်၊ ညီညီ
မြန်မာအင်တာနက်ဂျာနယ် အတွဲ(၁၂) အမှတ် (၆) မှ ကောက်နုတ်ဖော်ပြချက်
No comments:
Post a Comment