Wednesday, February 23, 2011

စီဒီအမ်အေဖုန်းဖြင့် အင်တာနက်သုံးလျှင် ကွန်ပျူတာဖြင့်သုံးပါက ပိုမိုအဆင်ပြေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ အငှားချထားပေးသော ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါ ဟတ်ဇ် ဖုန်းများကို ပြီးခဲ့သည့် လအတွင်းမှစတင်၍ အင်တာနက်အသုံးပြုနိုင်သော RUIM card များ ဖြင့် လဲလှယ်ပေးခဲ့ရာ အင်တာနက် အသုံးပြုလိုသူများ အနေဖြင့် ကွန်ပျူတာဖြင့် ချိတ်ဆက် အသုံးပြုပါက ပိုမိုအဆင်ပြေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ဖုန်းနဲ့သုံးတယ် ဆိုတာက ဖုန်းရဲ့ screen ကြီးတယ်ဆိုရင် တစ်မျိုးပေါ့။မျက်နှာပြင်က သေးတယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ ကွန်ပျူတာနဲ့ ချိတ်သုံးတာတော့ အဆင်ပြေဆုံးပါပဲ။ တချို့က ၀င်းဒိုးဆဲဗင်း မှာတင်ရတာ အဆင်မပြေ ဘူးပြောတယ်။ အဲဒါက အင်စတော (install) လုပ်တဲ့အပေါ် မူတည်တယ်။ နားလည်တဲ့သူနဲ့ဆိုရင် အဆင်ပြေပါတယ်။ အဓိက၀င်းဒိုး XP က ပိုအဆင်ပြေ ပါတယ်"ဟု အဆိုပါတာဝန်ရှိသူ က ပြောသည်။


ထိုသို့ အင်တာနက်သုံးနိုင်ခြင်းနှင့် ပတ်သက်၍ လူကြီးမင်းမိုဘိုင်းဆိုင်မှ မန်နေဂျာ ဦးကိုကိုအောင်က "ဖုန်းက touch screen တွေ ဆိုရင်တော့ သုံးရတာ အဆင်ပြေပါတယ်။ screen သေးတယ်ဆိုရင်တော့ အဆင် မပြေနိုင်ပါဘူး။ မိုဒမ်နဲ့သုံးကြတာလည်း အဆင်ပြေပါတယ်။ မိုဒမ်နဲ့ သုံးကြတာလည်း များပါတယ်။ တစ်ခုသတိထားသင့်တာက သုံးပြီးပြီဆိုရင် ဖုန်းမှာတစ်ဆင့်ချင်းပြန်ထွက်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုမှမဟုတ်ရင် ဖုန်းထဲမှာ ဆော့ဖ်ဝဲက ဆက်ပြီး အလုပ်လုပ်နေမယ်ဆိုရင် ပိုက်ဆံဖြတ်နေမှာပါ။ ကွန်ပျူတာနဲ့သုံးရင်လည်း သေချာသတိထားသင့်ပါတယ်"ဟု ပြောသည်။၎င်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ တစ်ဦးက "အင်တာနက်ကို ဖုန်းမှာသုံးမယ်ဆိုရင် screen size က အရေးကြီးပါတယ်။ ကျွန်တော့ ဖုန်းဆိုရင် မျက်နှာပြင်က သိပ်မကြီးတော့ အင်တာနက်ဝင်ပြီဆိုရင် ကွန်နက်ရှင် ချိတ်ပြီး ဆိုက်တစ်ခုရဲ့ ပထမ စာမျက်နှာပဲ ၀င်ရတာ အဆင်ပြေ ပါတယ်။ နောက်စာမျက်နှာဆိုရင် ၀င်လို့ မရတော့ဘူး။ အဲဒီလိုမျိုးတော့ ရှိပါတယ်" ဟု ပြောသည်။


ထိုစနစ်အတွက် အင်တာနက် အသုံးပြုနိုင်သော ဖုန်းများတွင် Huawei C8500 နှင့် C8600 ဖုန်းဟန်းဆက်များနှင့် ဆမ်ဆောင်း တို့ထိမျက်နှာပြင် ဟန်းဆက်များ လူကြိုက်များပြီး ဈေးနှုန်းမှာ ကျပ်တစ်သိန်းခွဲ ၀န်းကျင်မှ ကျပ် သုံးသိန်းဝန်းကျင်ကြားရှိသည်ဟု မိုဘိုင်းဆိုင်များမှ သိရသည်။ထိုဖုန်းများအတွက် အင်တာနက် လျှောက်ထားမှုကို သက်ဆိုင်ရာမြို့နယ်အလိုက် ဆောင်ရွက်ပေးနေပြီး ငွေသွင်းချိန်မီပါက နေ့ချင်းပြီး ပြီးစီးနိုင်သည်ဟု သိရသည်။အင်တာနက်အသုံးပြုရန်အတွက် ကတ်ဖွင့်ပေးခြင်းကိုမူ တစ်ရက်ခန့်စောင့်ရမည်ဖြစ်သည်ဟုသိရသည်။လျှောက်ထားသူဦးရေမှာ စတင် လျှောက်ထားခွင့်ပြုချိန်မှ စတင်ကာ ဇန်န၀ါရီလ နောက်ဆုံးအပတ်အထိ ရန်ကုန်နှင့် မန္တလေးမြို့တွင် လျှောက်ထားသူ ၅,၀၀၀ နီးပါးရှိသည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။အင်တာနက်သုံးစွဲနိုင်မှုကိုမူ စီဒီအမ်အေ ၈၀၀ နက်ဝပ်အတွင်းသာ သုံးစွဲနိုင် မည်ဖြစ်ပြီး ၄၅၀ နက်ဝပ်ထဲတွင်မူ သုံးစွဲနိုင်မည်မဟုတ်ဟု သိရသည်။


တင်ဇာအောင်


မြန်မာတိုင်းမ်စ် ဂျာနယ်

No comments:

Post a Comment