မိမိကိုယ်တိုင်ဖန်တီးထားတဲ့ နည်းပညာ ပစ္စည်းတွေအကြောင်းပဲဖြစ်ဖြစ်၊ မိမိကျွမ်းကျင်တဲ့ နည်းပညာအကြောင်း အရာတွေကိုပဲ ဖြစ်ဖြစ် အားလုံးနဲ့ တွေ့ရှိ ဆွေးနွေးဖို့အတွက် ဘားကမ့်ဟာ အကောင်းဆုံးစင်မြင့် တစ်ခု ဖြစ်ပါတယ်။
လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အပြန်အလှန်ဆွေးနွေးနိုင်တဲ့ပွဲ ဖြစ်ရုံသာမက မိမိရဲ့အားနည်းချက်တွေနဲ့ မသိရှိသေးတဲ့ အကြောင်းအရာတွေကို သိရှိနိုင်မယ့်နေရာ၊ နည်းပညာအတွေး အခေါ်တွေ ပေါက်ဖွားလာတဲ့နေရာဟာ ဘားကမ့်ပဲလို့လည်း ဆိုလို့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ် ဘားကမ့်ကို ယခုလ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မန္တလေးမြို့ ၇၈ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားရှိ ပုပ္ပါး ဟိုတယ်တွင် ကျင်းပတော့မှာဖြစ်ပြီး တတိယအကြိမ်မြောက် ဘားကမ့်ကိုတော့ ယခုလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့ တွေမှာ ရန်ကုန်မြန်မာအင်ဖိုတက်ခ် အဆောက်အအုံမှာ နံနက် ၉ နာရီ ကနေ ညနေ ၆ နာရီအထိ ကျင်းပသွားတော့မှာဖြစ်ပါတယ်။
ဘားကမ့်ရန်ကုန်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာကွန်ပျူတာပညာရှင်အသင်းရဲ့ ပံ့ပိုးကူညီ ပေးမှုတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် ဘားကမ့်ကို ရန်ကုန်မြို့မှာ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၃ ရက်ကနေ ၂၄ ရက်နေ့ အထိ ကျင်းပခဲ့ပြီး တက်ရောက်သူ ၂,၇၀၀ ဦးအထိရှိခဲ့ကာ ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့တဲ့ ဘားကမ့် တွေထဲမှာ တက်ရောက်သူ အများဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ပါတယ်။
"ဒီဘားကမ့်ကို အာဏာပိုင်အဖွဲ့ အစည်းတွေ ကိုယ်တိုင်က အသိမှတ်ပြုထားတာပါ။ မနှစ်က ဘားကမ့်က အောင်မြင်တော့ ဒီနှစ်မှာ ဖိအားတွေက အများကြီးဝင်လာတယ်။ လူအများကြီး လာပါ့မလား၊ အဆင်ပြေပါ့မလားဆိုတာ တွေတွေးမိတယ်။ ဘားကမ့်အတွက် ပြင်ဆင်နေတာတွေကို ပြည်ပက ဘားကမ့် စီစဉ်သူတွေက ကျေနပ် အားရတယ်လို့ ပြန်ပြီးသိရတယ်။ မနှစ်က လူ ၈၀၀၊ ၁,၀၀၀ လောက်ပဲ လာမယ်လို့ ထင်ထားတာ၊ တကယ်တမ်းကျတော့ ၃,၀၀၀ လောက် ဖြစ်သွားတယ်" လို့ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရဲ့ အတွင်းရေးမှူးဖြစ်သူ၊ ၂၀၁၁ ဘားကမ့် ရန်ကုန်ပွဲရဲ့ Team Leader လည်းဖြစ်သူ ဦးသောင်းစုငြိမ်းက ဆိုပါတယ်။
"မနှစ်က ဘားကမ့်မှာ ဟော့ဖြစ်သွားတာက မြန်မာယူနီကုဒ်၊ နောက်တစ်ခုက ကွန်ပျူတာနဲ့ ကာလာဒီဇိုင်းဆွဲတာ။ ဘယ်လိုအကြောင်း အရာတွေကို ဆွေးနွေးကြမယ်ဆိုတာက ပွဲရောက်မှ သိရမယ်"လို့ ဘားကမ့်ရန်ကုန် ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မထိုက်ထိုက်အောင်က ပြောပါတယ်။
ဘားကမ့်ရဲ့ အစီအစဉ်မှူးလို့လည်း ခေါ်လို့ရတဲ့ ကြော်ငြာသင်ပုန်းမှာ အချိန်၊ အခန်း၊ နေရာ၊ နံပါတ်၊ ဟောပြောမယ့် ခေါင်းစဉ်တွေကို ပြထားမှာဖြစ်ပြီး နားထောင်လိုသူတွေအနေနဲ့ သင်ပုန်းမှာ သွားလေ့လာပြီး ကြိုက်နှစ်သက်တဲ့ အစီအစဉ်ကို ၀င်ရောက်နားထောင်လို့ ရတယ်လို့ ဆိုပါတယ်။
"ဟောပြောပွဲကို နားထောင်သူတွေ ရောက်လာဖို့ နည်းလမ်းတွေသုံးလို့လည်း ရတယ်။ မုန့်တွေဝေပြီး လာဖို့ စည်းရုံးလို့ရတယ်။ ကိုယ့်ရဲ့ဆွဲဆောင်နိုင်မှုကလည်း ဟောပြောမယ့် ခေါင်းစဉ်နဲ့အတူ အရေးပါတယ်"လို့ မထိုက်ထိုက်အောင်က ဆိုပါတယ်။
နိုင်ငံတကာဘားကမ့်တွေကို တက်ရောက်ပြီး နည်းပညာတွေကို ဖလှယ်နေကြတဲ့ ပြည်ပက Bar Camperအယောက် ၂၀ လောက် လည်း လာရောက်ကြဖို့ ရှိတယ်လို့ဆိုပါတယ်။
ယခုနှစ် ရန်ကုန်ဘားကမ့်ကို ဘားကမ့်ဖြစ်မြောက်ရေးအဖွဲ့ဝင် ၂၀ ကျော် နဲ့ စေတနာ့ဝန်ထမ်း အယောက် ၁၀၀ လောက်က တာဝန်ယူ ကျင်းပသွားကြမှာဖြစ်ပြီး တင်ပြဆွေးနွေးကြဖို့ အခန်း ၁၀ ခန်း စီစဉ်ထားတယ်လို့ သိရပါတယ်။
တက်ရောက်မယ့်သူတွေအတွက် အမှတ်တရလက်ဆောင်ပစ္စည်းတွေ ပေးအပ်သွားဖို့ရှိပြီး ယမန်နှစ်တွေကထက် ပိုမိုကောင်းမွန်တဲ့ ကြိုးမဲ့အင်တာ နက်စနစ်တွေကို တပ်ဆင်ထားရုံသာမက မိမိတို့ရဲ့အိုင်ပက်တွေ၊ ဖုန်းတွေနဲ့ အချိန်ဇယားတွေကိုပါ offline ကြည့် လို့ရအောင် ဆောင်ရွက်ထားသလို ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုတွေပါ စီစဉ်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အသင်းခွဲတွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘားကမ့်ပွဲကျင်းပလိုရင် ကူညီမှုတွေ ပေးသွားမယ်လို့ ဆိုတဲ့အတိုင်း တောင်ကြီးနဲ့ မန္တလေးမြို့တွေမှာ ဘားကမ့်တွေ ကျင်းပနိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။
ဘားကမ့်တွေကို အခုလိုနိုင်ငံအတွင်းမှာ တစ်မြို့ပြီးတစ်မြို့ အောင်အောင်မြင်မြင် ကျင်းပလာနိုင်ခဲ့တာကိုကြည့်ခြင်းအားဖြင့် ဘားကမ့် ရဲ့ထိရောက်မှုကို ခံစားသိရှိနိုင်မှာပါ။
ဒီလိုဘားကမ့်တွေကနေ အသိပညာပိုင်း၊ အတတ်ပညာပိုင်း ကွာခြားချက်တွေကို ပိုမိုကျဉ်းမြောင်းလာအောင် ဆောင်ရွက်သွား နိုင်ရုံသာမက အတူတကွ ဆက်လက်ပူးပေါင်းလုပ်ကိုင် သွားလို့ရမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ပေါ်ပေါက်လာနိုင်မယ် လို့ဆိုပါတယ်။
ဒါကြောင့် မိမိရရှိထားတဲ့နည်းပညာတွေ၊ အသိပညာတွေကို တခြားသူတွေကို လွတ်လပ်စွာမျှဝေပေးဖို့ ဘားကမ့်ကို သွားကြပါစို့။
နေဇော်ထွန်း
အတွဲ ၂၆၊ အမှတ် ၅၀၅ (၁၁-၁၇ ၊ ၂ ၊ ၂၀၁၁) Myanmar Time News Journal မှ ဖော်ပြချက်
No comments:
Post a Comment