Friday, February 18, 2011

IPad အတွက် ဒစ်ဂျစ်တယ် သတင်းစာထုတ်ဝေ

ရူးပတ်မားဒေါ့ကတော့ အက်ပဲလ်ရဲ့ အွန်လိုင်း စတိုးတစ်ခုတည်းမှာပဲ ရောင်းချမယ့် အိုင်ပက်နဲ့ ဖတ်ရှုနိုင်မယ့် ဒစ်ဂျစ်တယ်သတင်းစာ "TheDaily" ကို တစ်ပတ်ကို အမေရိကန်ဒေါ်လာ ၉၉ ဆင့်နှုန်းနဲ့ ယခုလ ၂ ရက်နေ့ကစပြီး အထူး ဖန်တီးထုတ်လုပ်လိုက်ပါပြီ။"ခေတ်သစ်က သတင်းပညာအသစ်တွေကို တောင်းဆိုနေပြီ"လို့ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ News Corp ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ရူးပတ်မားဒေါ့က နယူးယော့ခ်မြို့ Guggenheim ပြတိုက်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။မားဒေါ့နဲ့အတူ အိုင်ပက်ထုတ်လုပ်တဲ့ အက်ပဲလ်ကုမ္ပဏီရဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းဒုတိယဥက္ကဋ္ဌ Eddy Cue လည်းအတူတက်ရောက် ခဲ့ပါတယ်။မားဒေါ့က အာရုံခံ မျက်နှာပြင်ပါ Touchscreen tablet ကွန်ပျူတာကို "မယုံနိုင်လောက်အောင် အံ့ဩဖို့ကောင်းတဲ့ ကွန်ပျူတာတစ်မျိုး"လို့ ချီးကျူးခဲ့ပြီး The Daily ဟာ ဒီကွန်ပျူတာအတွက် ဆန်းသစ်တဲ့ အရာတစ်ခု အနေနဲ့ ဖြည့်ဆည်းပေးတာပဲလို့ ပြောကြားခဲ့ပါတယ်။


" The Daily သတင်းစာဟာ ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ သတင်းတွေကို ဘယ်လိုတင်ပြမယ်၊ ဘယ်လိုဖတ်ရှုကြမယ်ဆိုတာနဲ့ ပတ်သက်တဲ့ စံနမူနာယူစရာဖြစ်လာမှာပါ"လို့ သူကပြောကြားခဲ့ပါတယ်။The Daily အောင်မြင်ဖို့ ဘာတွေလုပ်မလဲလို့ မေးမြန်းကြတဲ့အခါ သူက "ကျွန်တော်တို့ အောင်မြင်မှုရဖို့ ရည်မှန်းထားပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ အကြီးကြီးပါ။ ဒါပေမယ့် ကုန်ကျစရိတ်က သိပ်ကိုနည်းပါတယ်"လို့ ဖြေကြားခဲ့ပြီး သူတို့ပုံနှိပ် လုပ်ငန်းအတွက် အခု အချိန်အထိ အမေရိကန် ဒေါ်လာသန်း ၃၀ သုံးစွဲ ထားပြီး တစ်ပတ်ကို ဒေါ်လာသန်းတစ်ဝက်လောက် ကုန်ကျစရိတ်ရှိလိမ့်မယ်လို့ဆိုပါတယ်။အခုအချိန်မှာ The Daily ကို အိုင်ပက်မှာပဲ ရနိုင်ပြီး နောက်ပိုင်းမှာ တခြား Tablet ကွန်ပျူတာတွေမှာပါ ရနိုင်မယ်လို့သိရပါတယ်။


"ကျွန်တော်တို့ လောလောဆယ်မှာ အက်ပဲလ်နဲ့ပဲ လုပ်မှာပါ။ Tablet တွေ အားလုံးမှာတင်နိုင်ဖို့ မှန်းထားပါတယ်။ ဒီနှစ်ကတော့ အက်ပဲလ် တစ်ခုတည်းမှာ သေချာပါတယ်။ နောက်နှစ်လည်း အက်ပဲလ်နဲ့ပဲ လုပ်ဖြစ်မယ်ထင်တယ်" လို့ မားဒေါ့က ဆိုပါတယ်။လစဉ်ကြေးပေးထား သူတွေရဲ့ အိုင်ပက်တွေ ဆီကို Tablet က မနက်တိုင်း ရောက်လာမှာဖြစ်ပြီး တစ်နေ့တာအတွင်း နောက်ဆုံး အခြေ အနေတွေကိုလည်း ပေးသွားမယ်လို့ သိရပါတယ်။"ဒီသတင်းစာကို တစ်နေ့တစ်ကြိမ်ထုတ်မှာ မဟုတ်ပါဘူး။ စာမျက်နှာ အသစ်တွေကို အချိန်မရွေး ထပ်ဖြည့်ပေးနေမှာပါ"လို့ အယ်ဒီတာချုပ် ဂျက်ဆီအန်ဂျလိုက ပြောကြားခဲ့ပါတယ်။ The Daily ကို ထုတ်ဖြစ်သွားတာကတော့ သတင်းစာတွေကို မဖတ်ကြ တော့တဲ့ ခေတ်မှီပြီး ပညာတတ်တဲ့သူတွေကို ရည်ရွယ်တာလို့ မားဒေါ့က ပြောတယ်။


"ဒါပေမယ့် သူတို့က မီဒီယာကို အသုံးချကြပါတယ်။ သူတို့စိတ်ဝင်စားမယ့် ခေါင်းစဉ်တွေကို အချိန်မရွေး၊ နေရာမရွေးရနိုင်ဖို့ မျှော်လင့် ထားကြတယ်"လို့ ရှင်းပြပါတယ်။ The Daily ဟာ တစ်ပတ်ကို ၉၉ ဆင့်နဲ့ တစ်နှစ် ကို ၃၉ ဒသမ ၉၉ ဒေါ်လာကျသင့်မှာဖြစ်ပြီး ပထမ နှစ်ပတ်ကိုတော့ အခမဲ့ပေးမှာဖြစ်ကြောင်း၊ အက်ပဲလ်စတိုးမှာ iTunes account နဲ့ ၀ယ်နိုင်ကြောင်း သိရပါတယ်။သတင်းဆောင်းပါးတွေ၊ တုံ့ပြန်အားကောင်းတဲ့ ဂရပ်ဖစ်တွေ၊ အရည်အသွေးကောင်းတဲ့ ဗီဒီယိုပုံတွေ၊ ဓာတ်ပုံတွေပါဝင်ပြီး အချက် အလက်တွေကို တခြားသူတွေဆီကိုလည်း ပေးပို့ နိုင်တယ်လို့ သိရပါတယ်။News Corp က The Daily အတွက် ၀န်ထမ်း ၁၀၀ လောက်ငှားထားပြီး နယူးယော့ခ်ကာ၊ Forbesျ၊ နယူးယော့ခ်ပို့စ်နဲ့ တခြား သတင်းစာတိုက်တွေက သတင်းစာဆရာတွေပါတယ်လို့ News Corp ပိုင် ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြထားပါတယ်။


မြန်မာTimeဂျာနယ် အတွဲ ၂၆၊ အမှတ် ၅၀၅ (၁၁-၁၇ ၊ ၂ ၊ ၂၀၁၁)မှ ကောက်နုတ်ဖော်ပြချက် (အေအက်ဖ်ပီ) သီရိမင်းထွန်း ဘာသာပြန်သည်။

No comments:

Post a Comment