Saturday, March 5, 2011

Bar Camp ပွဲကျင်းပလိုသော ပြည်နယ်/တိုင်းများကို ကွန်ပျူတာပညာရှင်အသင်း ကူညီပေးမည်

ဘားကမ့်ပွဲကျင်းပလိုသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းခွဲများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘားကမ့် ပွဲကျင်းပလိုသည်ဆိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးမည်ဖြစ် သည်ဟု ပညာရှင်အသင်း၏ အတွင်းရေးမှူးဖြစ်ပြီး ၂၀၁၁ ဘားကမ့်ရန်ကုန်ပွဲ၏ Team Leader ဖြစ်သူ ဦးသောင်းစုငြိမ်း က ပြောသည်။

ကွန်ပျူတာပညာရှင်အသင်း မရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဘားကမ့်ပွဲကျင်းပလိုသည်ဆိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ လိုအပ်သောအကူအညီများ၊ အကြံပြုချက်များနှင့် လုပ်ထုံးလုပ်နည်းများ ပေးမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဘားကမ့်မှာ အကန့်အသတ်မရှိ အဆင့်အတန်းမခွဲခြားသော နည်းပညာနှီးနှောဖလှယ်ပွဲဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှစတင်၍ မြန်မာနိုင်ငံတွင် ကျင်းပခဲ့ပြီး တစ်ကမ္ဘာလုံးကျင်းပသော ဘားကမ့်များတွင် လူဦးရေအများဆုံး လာရောက်သော ပွဲဖြစ်သည်ဟု သိရ သည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ နှင့် ၂၀ ရက်များတွင် ဘားကမ့်ရန်ကုန်ပွဲကို ကျင်းပမည်ဖြစ်ပြီး ဘားကမ့်မန္တလေးပွဲကို ဖေဖော်ဝါရီ ၁၂ နှင့် ၁၃ ရက်များတွင် ကျင်းပမည်ဖြစ်သည်။ ဘားကမ့်ပွဲကို ကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းမှမဟုတ်သော လူငယ်အိုင်တီ ပညာရှင်များက ပူးပေါင်းစီစဉ်သွားမည် ဖြစ်သည်။

"မနှစ်ကပွဲမှာ လာတဲ့သူက ၂,၀၀၀၊ ၃,၀၀၀ လောက်အထိလာခဲ့ကြတယ်။ကျွန်တော်တို့မျှော်မှန်းထားတဲ့အတိုင်း အတာတစ်ခုထက် ပိုများပါတယ်။ မနှစ်ကတော့ ပထမဆုံးစလုပ်တာဆိုတော့ သိပ်လည်းမမျှော်မှန်းရဲဘူး။ မျှော်မှန်းထားတာထက် ပညာရှင်တွေ ပိုလာ တယ်။ လူငယ်တွေကလည်း တက်တက်ကြွကြွနဲ့ဆောင်ရွက်ကြတဲ့အတွက် အောင်မြင်တယ်လို့ ဆိုရမယ်။ ဒီနှစ်မှာလည်း ကျွန်တော်တို့ အလားတူပဲ အောင်မြင်အောင် ဆောင်ရွက်နေပါတယ်" ဟု ဦးသောင်းစု ငြိမ်းကဆိုသည်။

ဘားကမ့်ရန်ကုန်ပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မြန်မာအင်ဖိုတက်ခ် ၀င်းအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲများ အတွက် အခန်းအားဖြင့် ခုနစ်ခန်းခန့် စီစဉ်ထားသည်ဟု သိရသည်။ ဆွေးနွေးချိန်မှာ ခေါင်းစဉ် တစ်ခုပေါ်တွင် တစ်ချိန်လျှင် ၄၅ မိနစ် နှင့် အခြားပြောချင်သော အကြောင်း အရာများကို လူတစ်ဦးလျှင် မိနစ် အနည်းငယ်စီနှင့် လူအများပြောဆို ဆွေးနွေးသောပုံစံဟူ၍ ခွဲထားမည်ဟု သိရသည်။

တင်ဇာအောင်

မြန်မာတိုင်းမ်စ်ဂျာနယ်

No comments:

Post a Comment