Tuesday, March 1, 2011

အွန်လိုင်း စွဲငြိနေသော လူငယ်များ လက်တွေ့ဘ၀နှင့် ကင်းကွာ

လူငယ်စစ်တမ်း အစီရင်ခံစာ တစ်စောင်အရ လူငယ်များရဲ့ အွန်လိုင်းအချိန် အလွန်အကျွံ သုံးစွဲနေမှုအပေါ် စိုးရိမ်ရကြောင်း သိရပါတယ်။ကျွမ်းကျင်သူများကတော့ ထိန်းထိန်းသိမ်းသိမ်း မကိုင်တွယ်ဘူးဆိုရင် စွဲငြိတဲ့အဆင့်ကို ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။“စင်္ကာပူ လူငယ်ထုရဲ့ အခြေအနေ” အစီရင်ခံစာမှာ လူငယ် ၁၀ ဦးလျှင် ၈ ဦးမှာ ဖျော်ဖြေရေးအတွက် အွန်လိုင်းကို အသုံးပြုကြကြောင်း ထုတ်ဖော်လိုက်ပါတယ်။

လူမှု ပြဿနာတွေပိုပြီးတော့ ဆိုးဝါးလာပြီရယ်လို့တော့ မဆိုနိုင်သေးပေမယ့် အွန်လိုင်း ကျန်းမာရေး စင်တာဖြစ်တဲ့ TOUCH CYBER ကတော့ ဂိမ်းတွေကို စွဲမက်နေမှုကတော့ ပိုတိုးလို့လာနေကြောင်း ဆိုပါတယ်။ အွန်လိုင်းစွဲငြိနေမှု အခြေအနေဟာ ၂၀၀၉ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်းလည်း သိရပါတယ်။

Cyber Wellness & Sport ရဲ့ အမှုဆောင် အန်ထော်နီယုန်းက အခုလို ပြောပြခဲ့တယ်။ “အချို့တော့ အောင်မြင်မှုကို ခံစားလိုတဲ့အတွက် ဂိမ်းတွေကစားကြတယ်။ မိမိရဲ့ အတ္တစိတ်မှာ ကိုယ်တိုင် ကျေနပ် လောက်တဲ့အထိ ယှဉ်ပြိုင်နေလိုမှုပါ။ အခြားသော သူငယ်ချင်းတွေ ကစားတာကြောင့် မပါရင်မဖြစ်လို့ ကစားနေတဲ့လူငယ်တွေလည်းရှိတယ်။”

“တကယ့်လက်တွေ့ဘ၀ ပကတိ အမှန်တရားထဲက လွတ်ထွက်နေတဲ့ သူတွေလည်း ရှိပါတယ်။ ကိုယ့်ကိုယ်ကို မနှစ်သက်နိုင်တော့ဘူး။ အွန်လိုင်းကမ္ဘာမှာပဲ နေချင်ကြတော့တယ်။ ဒါတွေကတော့ အွန်လိုင်းစွဲမက်မှု အကြောင်းတရားတွေပါ။”

သူတို့ရဲ့ဌာနကို လာရောက် ဖွင့်ဟတိုင်ပင်ကြတဲ့လူ ၁၀ ဦးမှာ ၇ ဦးကတော့ အကျိုးများကြတယ်လို့ သိရပါတယ်။ အွန်လိုင်းစွဲမက်နေတဲ့သူတွေကတော့ လူငယ်အများစုဖြစ်ပါတယ်လို့ ဆိုပါတယ်။

အသက် ၁၄-၁၅ နှစ်အရွယ် လူငယ်တွေကလာပြီးတော့ အွန်လိုင်း စွဲငြိနေမှုကို ရင်ဖွင့် တိုင်ပင်ကြတာပါ။ မူလတန်းအရွယ် ၁၁-၁၂ ကလေးတွေလည်း ပါတယ်လို့ ဆိုပါတယ်။ မိဘတွေ ထိန်းချုပ်လို့ မရနိုင်တော့တဲ့ အတွက် လာရောက်ဆွေးနွေးကြတယ်လို့ လက်ထောက်မန်နေဂျာ ရေးချုယာက ပြောပြခဲ့ပါတယ်။

ကွန်ပျူတာမှာ ထိုင်တဲ့ အချိန်အရတော့လည်း စွဲငြိနေတယ်လို့ မဆိုနိုင်ကြောင်း အတိုင်ပင်ခံ ဒေါက်တာ တန်ဝှီးဆင်မ်က ဆိုပါတယ်။

“နာရီအရတော့လည်း မဟုတ်ပါဘူး။ အိမ်မှာနေပြီးတော့ ဂိမ်းကစားနိုင်အောင်လို့ ကျောင်းလစ်တတ်ကြတယ်။ ညမအိပ်ဘဲလည်း ကစားချင်ကစားနေကြမယ်။ ဘယ်လောက်ကြာကြာ ကစားသလဲထက် ကိုယ်တတ်နိုင်တဲ့ အချိန်ထက်ပိုပြီးတော့ ကစားနေသလားဆိုတာက အရေးကြီးတာပါ။

လူကြိုက်များတဲ့ လူမှုကွန်ယက်တွေဖြစ်တဲ့ FACEBOOK လိုဝဘ်ဆိုက်တွေကြောင့်လည်း ပြဿနာပို ဆိုးလာတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

မစ္စတာ ချုယာက အခုလို ရှင်းပြခဲ့ပါတယ်။ “ဂိမ်းတွေကစားတာထက် လူတော်တော်များများဟာ လူမှုကွန်ယက်တွေ လုပ်ကြတယ်။ အဲဒီမှာ ရှိတဲ့ ဂိမ်းတွေ (ဥပမာပြောရရင် Marfia wars, Mouse Hunt) ကို ပိုပြီးတော့ ကစားလာကြတယ်။ ကျနော်တို့ အဖွဲ့ကတော့ လေ့လာစောင့်ကြည့်နေတုန်းပါ။”

“ဒါပေမဲ့ ပိုတိုးလာမယ်လို့ မြင်မိတတယ်။ ဂိမ်းကစားလွန်းလို့ ကျောင်းထွက်သွားကြရတဲ့ ကလေးတွေ၊ စာမေးပွဲကျတဲ့ ကလေးတွေ ရှိနေပါပြီ။ လူမှုကွန်ယက်တွေကြောင့်တော့လို့ မပြောနိုင်သေးပါဘူး။ စောင့်ကြည့်ရဦးမယ်။”

မောက္ခ ကျန်းမာရေးသတင်း မှ ကောက်နုတ်ဖော်ပြချက်

No comments:

Post a Comment