Saturday, March 5, 2011

IT Passport စာမေးပွဲ အောင်မြင်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်း ရနိုင်

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ကြီးမှူး၍တစ်နှစ်လျှင်နှစ်ကြိမ်စစ်ဆေးပေးနေသည့် ဂျပန်နိုင်ငံအသိအမှတ်ပြု Information Technology Passport Examination (IT Passport) စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုပြီးသူများအနေဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီ များတွင် အလုပ်အကိုင်အခွင့်အလမ်း ကောင်းများ ရရှိစေရန်အတွက်များစွာ အထောက်အကူဖြစ်စေမည်ဟု ဖေဖော်ဝါရီလ ၂၂ ရက် နေ့က ရန်ကုန်မြို့၊ မြန်မာ အင်ဖိုတက်ခ်တွင် ကျင်းပသည့် Japan-Myanmar Cross Certification (ITPEC) စာမေးပွဲသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

"မြန်မာကွန်ပျူတာ အသင်းဝင်ထားတဲ့ ကုမ္ပဏီတွေက လက်မှတ်ကိုင်ဆောင်ထားတဲ့ သူတွေကို ပိုဦးစားပေးပြီးတော့ အလုပ်ခန့်ကြ တယ်။ နိုင်ငံခြားမှာရှိတဲ့ ဂျပန်ကုမ္ပဏီတွေကလည်း အတူတူပဲ" ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း အလုပ်အမှုဆောင်နှင့် စာမေးပွဲ ကော်မီတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်အေးအေးတင်က ပြောသည်။

အဆိုပါ စာမေးပွဲကို အစိုးရရုံးများနှင့် ပုဂ္ဂလိကကုမ္ပဏီများတွင် နေ့စဉ် နည်းပညာများနှင့် အမြဲထိတွေ့လုပ်ကိုင်နေရသူ မည်သူမဆို ဖြေဆိုထားသင့်သည် ဟုဆိုသည်။

"IT Passport ဖြေထားရင်ပဲ ရပါပြီ။ ကျန်တာတွေက နည်းပညာပိုင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုမယ့်သူတွေ အတွက်ပါ။ ဒီ လက်မှတ်ကိုတော့ အားလုံးလိုလို ကိုင်ဆောင်ထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်တန်းမှာ သင်ကြားခဲ့တာတွေအားလုံးကို လုပ်ငန်းခွင်မှာ ကိုယ်တိုင်လက်တွေ့ပြန်ပြီး အသုံးချလို့လည်းရတယ်။ "နည်းပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ စီးပွားရေး strategyနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာသုံးခုကို အခြေခံပြီး မေးမြန်းထားတာဆိုတော့ ဒီလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ နည်းပညာ နဲ့ ပတ်သက်ပြီး သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားတာ တစ်ခုတည်းတင် မဟုတ်ဘဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တတ်ကျွမ်းထားပါတယ် ဆိုတာကို သက်သေပြထားတဲ့ လက်မှတ်လို့ဆိုလို့ရပါတယ်"ဟု ဒေါ်အေးအေး တင်ကပြောသည်။

မြန်မာနိုင်ငံတွင် အဆိုပါ စာမေးပွဲကို အဆင့် (၄) အထိ ဖြေဆိုနိုင်နေပြီဖြစ်ပြီး အဆင့် (၃) မှ (၄) အထိ အောင်မြင်ပြီး သူများကို မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှရွေးချယ်ကာ ဂျပန်နိုင်ငံ တွင် ကျန်ရှိသည့်အဆင့်များကို ဖြေဆို နိုင်ရန် စီစဉ်ပေးနေသည်။

"အပြင်မှာပြောနေတာတွေကတော့ စာမေးပွဲအောင်ရင် ဂျပန်နိုင်ငံကို သွားလို့ရမယ် ဆိုတာတွေဘာတွေပေါ့။ အမှန်ကတော့ အသင်းချုပ်က ရွေးပြီးတော့ ပညာတော်သင်လွှတ်ပေးတာတွေ၊ ပညာသင်ဆုလျှောက်ပေးတာတွေကို လုပ်ပေးတာပါ။ စာမေးပွဲ အောင်တာနဲ့ ဂျပန်သွားလို့ရတယ်ဆိုတာ မဟုတ်ပါဘူး" ဟု ဒေါ်အေးအေးတင်က ပြောကြားသည်။

အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှ စတင်စစ်ဆေးခဲ့ပြီး အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သူ ၃၀ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။

နေဇော်ထွန်း
မြန်မာTimeဂျာနယ်၊ အတွဲ ၂၆ ၊ အမှတ် ၅၀၈ (၄ - ၁၀ ၊ ၃ ၊ ၂၀၁၁)

No comments:

Post a Comment