ကွန်ပျူတာနည်းပညာတွေထဲက အမည်ကန့်သတ် သတ်မှတ်စနစ်ခေါ် Domain Name System(DNS) ကို အိုင်တီဗဟု သုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာတွေကို ကွန်ရက်ချိတ်ဆက်ရာမှာ အင်တာနက်နံပါတ်ခေါ် Internat Protocol (IP) နံပါတ်တွေကို အသုံးပြုပြီး စက် တစ်လုံးနဲ့တစ်လုံး ဆက်သွယ်ကြပါတယ်။
အင်တာနက်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါ။ နိုင်ငံတစ်နိုင်ငံရဲ့ IP နံပါတ်တွေဟာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြပါ။
ဒီလိုမတူညီတဲ့ IP နံပါတ်တွေကို လူသားများအနေနဲ့ မှတ်သားခေါ်ယူချိတ်ဆက်နိုင်ဖို့ မလွယ်ကူနိုင်ပါ။ ဒါကြောင့် အမည်နဲ့ အလွယ် တကူခေါ်ဆိုနိုင်ဖို့ အမည်ကန့်သတ် သတ်မှတ်စနစ် (Domain Name System) ကို ၁၉၈၃ ခုနှစ်မှာ Jon Postel, Paul Mockapetris နှစ်ဦးက စတင်တီထွင်ခဲ့ပါတယ်။
DNS စနစ်ဆိုတာက အမည်မှ အင်တာနက်နံပါတ်၊ အင်တာနက်နံပါတ်မှ အမည်သို့ အပြန်အလှန်သိစေသော စနစ်ဖြစ်ပါတယ်။
ဥပမာ mmtimes.com ဟု ခေါ်ပါ က DNS စနစ်က mmtimes.com ရဲ့ IP နံပါတ် 192.168.10.221 ဟူ၍ အမည်မှ အင်တာနက် နံပါတ်သို့ ပြောင်းလဲသိရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
DNS စနစ်မှာ အမည်မှ အင်တာနက်နံပါတ်၊ အင်တာနက်နံပါတ်မှ အမည်သို့ အပြန်အလှန်နားလည် နိုင်မယ့် Database အချက် လက်တွေ ပါဝင်ပါတယ်။
DNS စနစ်မပေါ်ပေါက်မီက Hostဖိုင်တွင် အမည်မှအင်တာနက်နံပါတ်သို့ ပြောင်းလဲသိရှိနိုင်ရန် Mapping လုပ်ပြီး အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် စက်တိုင်းမှာ တူညီတဲ့ အချက်အလက်ပါတဲ့ (Database) Host ဖိုင်ကိုထည့်ပြီး အသုံးပြုရပါတယ်။
မတူညီခဲ့ရင် တလွဲတချော်ဖြစ်ကုန်တော့တာပါပဲ။
DNS စနစ်မှာ Database အချက်လက်တွေဖလှယ်နိုင်ဖို့ နည်းလမ်းကို ရှာဖွေခဲ့ရာ Berkeley တက္ကသိုလ်မှ ကျောင်းသားများဖြစ်တဲ့ Douglas Terry, Mark Painter, David Riggle နဲ့ Songnian Zhou လေးဦးတို့က Berkeley Internet Name Domain (BIND) Server ကို Unix OS မှာ အသုံးပြုနိုင်အောင် ၁၉၈၄ ခုနှစ်မှာ တီထွင်နိုင်ခဲ့ကြပါတယ်။ BIND Server ကို ထိုအချိန်က Microsoft OS မှာ အသုံးမပြုနိုင်ခဲ့ပါ။ ၁၉၉၀ ပြည့်နှစ်ရောက်မှ Microsoft Window NT မှာ စတင်အသုံးပြုနိုင်ခဲ့ပါတယ်။
DNS စနစ်မှာ အမည်တွေပေးရာမှာ ကန့်သတ်ချက်တွေရှိပါတယ်။
သစ်ပင်များ ပင်စည်မှအကိုင်းအခက်များဖြာထွက်သကဲ့သို့ အဆင့်လိုက်အဆင့်လိုက်ရှိပါတယ်။ ပင်မအပိုင်းကို Root Zone လို့ခေါ်ပါတယ်။
Root Zone မှ အကိုင်းအခက် ထွက်သကဲ့သို့ ဒုတိယ အမည်ပေးစနစ်များအဖြစ် com, gov, edu, net စသဖြင့် ဆက်လက်ခွဲဖြာ ထွက်လာပါတယ်။
အဆင့်ဆင့်ခွဲဖြာပြီး အမည်များပေးခေါ်တဲ့ အထိ ဖြစ်လာပါတယ်။
ဥပမာ mmtimes.com မှာ com ဟာ မူရင်းပင်စည် Root မှ ခွဲထွက်လာတဲ့ အမည်ဖြစ်ပါတယ်။
mmtimes ဟာ com အမည်ရဲ့ လက်ခွဲ (subdomain) ဖြစ်ပြီး www.mmtimes.com မှာ www. ဟာ mmtimes ရဲ့ လက်ခွဲ
(subdomain) ဖြစ်ပါကြောင်း အမည်ကန့်သတ် သတ်မှတ်စနစ်အကြောင်း တင်ပြလိုက်ပါတယ်။
Ref:Phoe Wa Lone (Myanmar Time Journal)
No comments:
Post a Comment