Arakan Review တွင် ဖော်ပြထားသည့် အင်တာနက်နှင့်သက်ဆိုင်သော သတင်းတစ်ပုဒ်အား ကျနော့်ပရိသတ်များအတွက် ကူးယူဖော်ပြလိုက်ပါသည်
ရခိုင်ပြည်၊ စစ်တွေမြို့တော်ရဲ့ အင်တာနက် လိုင်းဟာ အခုချိန်မှာ လုံးဝ သုံးမရတော့တဲ့ အနေအထားကို ရောက်ရှိနေပြီလို့ သတင်းရရှိပါတယ်။
စစ်အစိုးရအနေနဲ့ စစ်တွေမြို့ရဲ့ ADSL အင်တာနက်လိုင်းကို ၂၀၀၇ ခု နောက်ပိုင်းမှသာ အသုံးပြုခွင့် ပေးထားခဲ့ပေမယ့် အဲဒီကတည်းကပင် အင်တာနက်လိုင်းတွေမှာ အလွန်တရာမှ နှေးကွေးလွန်းတာကြောင့် သုံးစွဲတဲ့ သူတွေအနေနဲ့ G-Talk တခုတည်းကိုသာ ချို့တဲ့စွာ အသုံးပြုနေခဲ့ရတယ်လို့ ဆိုပါတယ်။ဒါပေမယ့် အခုအချိန်မှာတော့ စစ်တွေမြို့ရဲ့ အင်တာနက်လိုင်းဟာ လုံးဝ သုံးမရတော့တဲ့ အခြေအနေကို ရောက်နေပြီး G-Talk တခုတည်းအတွက်ကို နည်းလမ်းအမျိုးမျိုးသုံးပြီး သုံးနေရတယ်လို့ စစ်တွေတက္ကသိုလ် ကျောင်းသား တစ်ဦးက ခုလိုပြောပါတယ်။
“ အင်တာနက် စသုံးခွင့် ပေးကတည်းကနေ အခုချိန်ထိ အင်တာနက် သုံးရတာ လုံးဝ အဆင်မပြေခဲ့ပါဘူး။ အဲဒီတုန်းကတော့ G-Mail ထဲဝင်ပြီး အီးမေးလ် စစ်ကြည့်ဖို့နဲ့ လိုအပ်တဲ့ သတင်းတွေကို ဖတ်ဖို့ မနည်းကြိုးစားခဲ့ရပေမယ့် အခုတော့ လုံးဝကို အဆင်မပြေတော့ပါဘူး”
အဲဒီလို လိုင်းအားနည်းရတာဟာ စစ်တွေမြို့ရဲ့ အင်တာနက်လိုင်းမှာ 256kbps အဆင့်သာရှိတာကြောင့်လို့ သိရပါတယ်။
စစ်တွေမြို့ရဲ့ ADSL အင်တာနက်လိုင်း သုံးစွဲမှုမှာ လိုင်း 20 ကျော်ရှိပြီး အဲဒီ လိုင်းတွေထဲမှာ တက္ကသိုလ်(ပင်မ)ခြံဝင်းထဲမှာ ဖွင့်လှစ်ထားတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်မှာတော့ ထူးခြားစွာနဲ့ တစ်ဆိုင်တည်း သီးသန့် 512 kbps လိုင်းသုံးစွဲနေရတယ်လို့ အမည်မဖော်လို့တဲ့ အင်တာနက်ဆိုင် ဖွင့်ထားသူ တစ်ဦးက ဆိုပါတယ်။
256 kbps အမြန်နှုန်းဟာ မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလိုင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အင်တာနက်ကနေတဆင့် VOIP ခေါ်ဆိုမှုများ မပြုလုပ်ကြရန် ကြိုတင် အသိပေး အကြောင်းကြားခြင်းလို့ ဆိုပြီး မြန်မာအင်ဖိုတက်ခ် ကော်ပိုရေးရှင်းရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်ဝင်း က လက်မှတ် ရေးထိုးထားပြီး၊ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နောက်ပိုင်းမှာတော့ စစ်တွေမြို့ရဲ့ အင်တာနက်လိုင်းဟာ အဆိုးဝါးဆုံးအနေအထားကို ရောက်ရှိခဲ့ပြီး Messenger တွေ တခုမှ မရတော့သလို ပြည်ပသတင်းဆိုဒ်တွေကိုလည်း လုံးဝ ကြည့်လို့မရတော့ဘူး လို့ သိရပါတယ်။
“ISP ကို မေးကြည့်တော့လည်း သူတို့လည်း ဘာမှမသိလို့ပြောပါတယ်၊ သိချင်ရင် ရန်ကုန်ကိုမေးကြည့်လို့ တစ်ခွန်းတည်းပြောပြီး ဖုန်းချသွားပါတယ်၊ ဒါဟာ သုံးစွဲသူတွေကို အလေးမထားတဲ့ သဘော ရောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကြောင်းစုံကို ပြည့်ပြည့်စုံစုံလည်း ရှင်းပြခဲ့ရင်ကောင်းမှာပါ” လို့ စစ်တွေမြို့ရှိ လုပ်ငန်းကြီးတစ်ခု လုပ်ကိုင်နေသော ပြည်မအခြေစိုက်ကုမ္ပဏီကြီးတစ်ခုမှ ၀န်ထမ်း တစ်ယောက်က ပြောကြားပါတယ်။
(ရန်ကုန်ရုံးချုပ်) ကို ဆက်ကြည့်ပြီးမေးတာ့ သူတို့က ဒါ တစ်နိုင်ငံလုံးဖြစ်နေတဲ့ ကိစ္စ ကျွန်မတို့နဲ့ ဘာမှ မဆိုင်ပါဘူးဆိုပြီး၊ ဖုန်းချသွားပါတယ်။´လို့ သူက ပြောပါတယ်။
ကမ္ဘာတဝန်း အင်တာနက် သုံးစွဲသူတွေဟာ ကိုယ့်ကွန်ပျူတာကနေ အသိမိတ်ဆွေရဲ့ ကွန်ပျူတာကို skype, gtalk, Pfingo, VZO စတဲ့ အင်တာနက် ဝန်ဆောင်မှုစနစ်တွေကတဆင့် စကားပြောနိုင်သလို၊ တယ်လီဖုန်း လည်း ခေါ်ဆိုဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ကနေတဆင့် တယ်လီဖုန်းခေါ်တဲ့အခါမှာ ထိုင်းကို ခေါ်ရင် တမိနစ်ကို ၂၀၀ ကျပ်၊ စင်ကာပူနိုင်ငံကို ၁၅ဝ ကျပ်တွေနဲ့ အဝေးရောက် မိသားစုတွေဆီ ဈေးသက်သက်သာသာနဲ့ ဆက်သွယ်နိုင်နေကြတာပါ။ အင်တာနက် ကဖေးဆိုင် ဖွင့်ထားသူတွေကလဲ ဒီကိစ္စနဲ့ပဲ၊ ဆိုင်လုပ်ငန်း ဝင်ငွေရနေကြတာလို့ ဆိုပါတယ်။
အခုအချိန်မှာတော့ ဘယ်သတင်း ဘယ်ဝက်ဘ်ဆိုဒ်ကိုမှ ၀င်လို့ မရတော့သလို အီးမေးလ် အ၀င် စစ်ကြည့်ဖို့အတွက်လည်း proxy server တွေ သုံးပြီး ၀င်နေရတယ်လို့လည်း သိရပါတယ်။
“စစ်အစိုးရ အနေနဲ့ ပြည်ပမှာ ရောက်ရှိနေကြတဲ့ သူတွေနဲ့ အဆက်အသွယ် အမြဲ မရှိစေရေးနဲ့ ပြည်သူတွေကို သတင်းအမှန်တွေ မသိရှိစေရေး စတာတွေအတွက် နည်းလမ်းမျိုးစုံ သုံးပြီးတော့ ထိန်းချူပ်ပါစေ။ ကျနော်တို့ကတော့ ပညာနဲ့ပဲ ယှဉ်ပါမယ်။ သူတို့က ၀က်ဘ်ဆိုဒ်တွေကို ပိတ်တယ်၊ အင်တာနက်လိုင်းကို နှေးအောင် လုပ်တယ်။ သူတို့ ဘယ်လောက်များ ထိန်းချူပ်နိုင်မလဲ။ မြန်မာပြည်သူတွေဟာ စစ်အစိုးရရဲ့ ထိန်းချူပ်မှု တင်းကျပ်မှုတွေကြားက အားလုံးကို ကျော်ပြီးတော့ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ သူတို့ရဲ့ အိုင်တီပညာကို သက်သေပြခဲ့ပါပြီ။ နောက်ထပ်လည်း သက်သေပြအုံးမှာပါ။ ဒါဟာ စစ်အစိုးရ ကျေးဇူးတွေကြောင့်ပါ” လို့ စစ်တွေမြို့မှ အိုင်တီကျွမ်းကျင်သူ လူငယ်တစ်ဦးက သူရဲ့ အမြင်ကို ပြောပါတယ်။
ဆက်လက်ပြီးတော့ သူက ပြောကြားခဲ့ရာမှာ သူတို့အနေနဲ့ တတ်နိုင်သမျှ အင်တာနက် အသုံးပြုသူတွေကို ပြည်ပသတင်းတွေကို ဖတ်နိုင်ဖို့နဲ့ Proxy Server တွေ သုံးပြီး ဝင်ရောက်နိုင်တဲ့ နည်းတွေကို ဆက်လက် မျှဝေပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment