ကျွန်တော်တို့ရဲ့ မြန်မာ အိုင်တီ အ၀န်းအ၀ိုင်းလေးဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ်တဲ့အခါ အသက်အရွယ် အလွန်ပဲ နုနယ်ပါသေးတယ်။ ကွန်ပျူတာနဲ့ အင်တာနက်ပေါ်လာတာ အတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ကျွန်တော်တို့ဆီမှာ လူအများစု အနေနဲ့ ကွန်ပျူတာနဲ့ အင်တာနက်ကို သုံးနိုင်လာတဲ့ အချိန်က အခုအချိန် (2009 ဒီဇင်ဘာ တတိယ ရက်သတ္တပတ်) မှာ ဆယ်စုနှစ် တစ်ခုကျော်ပဲ ရှိပါသေးတယ်။ ပြီးတော့ အိုင်တီနည်းပညာ တွေကလည်း အချိန်တိုင်း ပြောင်းလဲ တိုးတက်နေတယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ မြန်မာလိုနဲ့ ရေးသားထားတဲ့ ကွန်ပျူတာ၊ အိုင်တီနဲ့ အင်တာနက် နည်းပညာဆိုင်ရာ စာအုပ်တွေ လုံလုံလောက်လောက်မရှိတာ အဆန်းတော့ မဟုတ်ပါဘူး။ကံကောင်းထောက်မတာ တစ်ခုက မြန်မာမှာ ကွန်ပျူတာတွေကို ဈေးကွက်ထဲ ရောင်းချလာတဲ့ အချိန်မှာပဲ - ကွန်ပျူတာ လေ့လာမှု အထောက်အကူပြု စီဒီ (Learning CD) တွေကို ဈေးပေါပေါနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နောက်ပိုင်းမှာ တောင်ကြီး၊ ပြည် နဲ့ မကွေး၊ ပြင်ဦးလွင် လိုနေရာမျိုးတွေ အထိ အလွယ်တကူ ၀ယ်ယူလေ့လာ နိုင်လာတာ ဖြစ်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါပေါနဲ့ ၀ယ်ယူလို့ရတဲ့ သင်ကြားရေး အထောက်အကူပြု စီဒီတွေ၊ ဆော့ဖ်ဝဲ စီဒီတွေဟာ ကျွန်တော်တို့ရဲ့ အိုင်တီလေ့လာမှုကို ၂၅ ရာခိုင်နှုန်း လောက် အထောက်အကူ ရစေနိုင်ခဲ့တာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။နောက်တစ်ခုကတော့ ကွန်ပျူတာ ခေတ်ဦးမှာ စတင်ထွက်ရှိလာတဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းများပါပဲ။ အဲဒီ စာအုပ်တွေကလည်း ကျောင်းတွေမှာ LC 630 ဆိုတဲ့ ပန်းသီး ကွန်ပျူတာတွေ စတင်မိတ်ဆက် အသုံးပြုတဲ့ အချိန်မှာ ပန်းသီး ကွန်ပျူတာများ အကြောင်း၊ Windows 95/98/2000 XP နဲ့ ယခု Vista, Windows 7 ကာလ အထိ - အသုံးဝင်တဲ့ နည်းလမ်းတွေ (Tips and Tricks)၊ အထောက်အကူပြု လေ့ကျင့်ရေး သင်ခန်းစာတွေနဲ့ ဆော့ဖ်ဝဲ သတင်းတွေ၊ ကမ္ဘာ့ ကွန်ပျူတာနည်းပညာ သတင်းတွေကို မျက်ခြေမပြတ် ထုတ်ဝေ ဖော်ပြပေးခဲ့တာကြောင့် ကွန်ပျူတာ လေ့လာသူများအတွက် နောက်ထပ် ၂၅ ရာခိုင်နှုန်းလောက် အထောက်အကူ ရစေခဲ့တာ အမှန်ပါ။
ဒါဆိုရင် နောက်ထပ် ၅၀ ရာခိုင်နှုန်းက ဘယ်မှာလဲ။ မေးစရာ ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။အိုင်တီကို ကိုယ်တိုင်လေ့လာ ဆည်းပူးနိုင်ဖို့
- သင်ဘာတွေ လုပ်ခဲ့ ပြီးပြီလဲ။
- အခုရော ဘယ်လို လေ့လာနေတာလဲ။
- ပတ်ဝန်းကျင်က ဘယ်လိုနည်းနဲ့ သင့်ရဲ့ အိုင်တီနည်းပညာ တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေတလဲ။
- အဖိုးတန် နည်းလမ်းကောင်းလေးတွေ ရှိခဲ့ရင် ဝေမျှသွားဖို့ ဖိတ်ခေါ်ပါတယ်။
မှတ်ချက်
ဈေးပေါပေါနဲ့ ၀ယ်လို့ရတဲ့ လိုင်စင်မဲ့ ဆော့ဖ်ဝဲများရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ တရားဝင် လိုင်စင်မရှိတဲ့ ကွန်ပျူတာ စက်မောင်းနှင်မှုစနစ် ဆော့ဖ်ဝဲ (Operating Systems) စီဒီ တစ်ချပ်ကို 500 ကျပ်လောက်နဲ့ ၀ယ်သုံးခွင့်ရလိုက်တဲ့ အတွက် ခုချိန်မှာ တရားဝင် လိုင်စင်ပေးပြီး တစ်သိန်းကျော်ဖိုးကို (နိုင်ငံတကာနဲ့ တကယ်တမ်း ရင်ဘောင်တန်းပြီး စီးပွားရေးလုပ်သူ လုပ်ငန်းကြီးတွေ မှအပ) ၀ယ်သုံးချင်တဲ့သူ မရှိသလောက် ဖြစ်သွားတာပါပဲ။ မြန်မာလူမျိုးတွေဟာ (ဘယ်သူပဲ ဖြစ်ဖြစ်)သူများပစ္စည်းကို ခိုးယူ အသုံးပြုရမှာ ၀န်လေးကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ အိုင်တီဘက်မှာတော့ (မသိတဲ့အတွက်နဲ့ သိသော်လည်း အခြားနည်းလမ်းတွေ အဆင်မပြေ/ ရှာမရသေးတဲ့ အတွက်) အများစုက တရားမ၀င်၊ လိုင်စင် မရှိတဲ့ ဆော့ဖ်ဝဲတွေကို သုံးနေကြရတုန်းပါပဲ။ တရားဝင် လိုင်စင်ဆော့ဖ်ဝဲကို မသိဘူး ဆိုတဲ့နေရာမှာ ကာယကံရှင်တွေရဲ့ လေ့လာမှု အားနည်းတာလည်း တစ်ပိုင်း ပါနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေ လုပ်ကြရတော့မယ် ဆိုရင်တော့ ဒီလိုင်စင်ဆော့ဖ်ဝဲ ကိစ္စဟာ မဖြစ်မနေ စဉ်းစားရမယ့် အရေးကြီးတဲ့ အချက် တစ်ခု ဖြစ်လာပါတယ်။ဒီအကြောင်းဟာ တစ်သီးတစ်သန့် အားလုံးဝိုင်းဝန်း စဉ်းစား အဖြေရှာရမယ့် အကြောင်းအရာ တစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အတော်များများမှာ ကြုံတွေ့နေရဆဲ၊ ဖြေရှင်းဆဲ၊ ဖြေရှင်းရန် ကြိုးစားဆဲ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ အစားထိုးနိုင်တဲ့ ပိုက်ဆံတစ်ပြားမှ မကုန်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေပါပြီ။
No comments:
Post a Comment