Thursday, March 24, 2011

နည်းပညာနယ်ပယ်ထဲတွင် လမ်းကြောင်းသစ် ဖော်ဆောင်နေသူများ

Mark Zuckerberg


Facebook Online လူမှုကွန်ယက် တည်ထောင်သူ အသက်(၂၆)နှစ်အရွယ်ရှိ မာ့ခ်ဇာခါဘတ်ဂ် ကို Time မဂ္ဂဇင်းကြီးက ၂၀၁၀ ခုနှစ် တစ်နှစ်တာ ထူးခြားထင်ရှားသော ပုဂ္ဂိုလ် (Person of the Year) အဖြစ် ရွေးချယ်သတ်မှတ်လိုက်သည်။ တိုင်းမ်မဂ္ဂဇင်းမှာ ကမ္ဘာတလွှားမှ နှစ်စဉ် ထူးခြားထင်ရှားပုဂ္ဂိုလ်များကို ပုံမှန်ရွေးချယ်လေ့ရှိသည်။ ၁၉၅၂ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်ခဲ့တဲ့ ဗြိတိန်ဘုရင်မ အဲလိဇဘက် ပြီးလျှင် မာ့ခ်ဇာခါဘတ်ဂ်မှာ အသက်ငယ်ဆုံး တစ်နှစ်တာ ထူးခြားပုဂ္ဂိုလ်ရှင် အဖြစ် ရွေးချယ်ခံရသူဖြစ်ပါသည်။ ဇာခါဘတ်ဂ်မှာ လက်ရှိ သန်းပေါင်း(၆၀၀)ကျော် အသုံးပြုနေတဲ့ Facebook လူမှုကွန်ယက်ကို တီထွင်ခဲ့ပြီး လူ့အဖွဲ့အစည်းများရဲ့ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုတိုးတက်ရေးကို အများကြီး အကျိုးပြုနေတဲ့ မီဒီယာကွန်ယက် ဗိသုကာ လူငယ်တစ်ဦးအဖြစ် တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။


တစ်ရက်ထဲကို Facebook ပေါ်တင်တဲ့ စာမျိုးစုံက တစ်ဘီလျံ(သန်းတစ်ထောင်)ကျော်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ လူဦးရေဟာ တရုတ်နှင့်အိန္ဒိယပြီးရင် ကမ္ဘာပေါ်မှာ တတိယအများဆုံးဖြစ်လာပါတယ်။ အဲသလောက် နိုင်ငံသားပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်တဲ့ Information လူမှုကွန်ယက်မျိုး ဘယ်အစိုးရမှ မလုပ်နိုင်သေးပါဘူး။ သူဟာ ဟားဗတ်တက္ကသိုလ်ကနေ ကျောင်းမပြီးပဲ ကျောင်းထွက်ခဲ့သူပါ..ဟုတ် တိုင်းမ်မဂ္ဂဇင်း မန်နေဂျင်း ဒါရိုက်တာက ပြောပါတယ်။ ဇာခါဘတ်ဂ် ကို Forbes မဂ္ဂဇင်းရဲ့ အသက်အငယ်ဆုံး ဘီလျံနာ စာရင်းတွင် ဖော်ပြထားပြီး ဖွံ့ဖြိုးဆဲတိုင်းပြည်များကို အကြီးအကျယ် အလှူဒါနပြုနေသည် ဖြစ်သည်ဟု ဆိုပါသည်။ အသက် ၁၉ နှစ်တွင် ဟားဗတ်တက္ကသိုလ်မှ ထွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် www.facebook.com ကို စတင်ထူထောင်ခဲ့သည်။ ၂၀၁၀ခုနှစ်တွင် သူ့လုပ်ငန်းမှ ဒေါ်လာနှစ်ဘီလျံ အမြတ်ရရှိခဲ့ပါသည်။


Julian Assange


၂၀၁၀ နိုဝင်ဘာလထဲတွင် WikiLeaks Website က ၁၉၆၆ မှ ၂၁၀ ခုနှစ်အတွင်း ကမ္ဘာအနှံ့ရှိ အမေရိကန်သံရုံး အသီးသီးက အိမ်ဖြူတော်သို့ လျှို့ဝှက်ပေးပို့ခဲ့တဲ့ ကြေးနန်းစာဖိုင် (၁၅၁၂၈၈)စောင်ကို ဖွင့်ချလိုက်ပါ တယ်။ နိုင်ငံအသီးသီးရှိ အမေရိကန်သံရုံး သံတမန်များမှာ Spy များဖြစ်နေတာ ရုပ်လုံးပေါ်သွားခဲ့ပါတယ်။ ရုရှား၊ပါကစ္စတန်၊အီရန်၊တရုတ်၊မြောက်ကိုရီးယား၊အာဖဂန်နစ္စတန်၊အီရတ်၊ဇင်ဘာဘွေ၊မြန်မာ စတဲ့ နိုင်ငံတွေ ရဲ့ အတွင်းဇတ်လမ်းများအပေါ် အမေရိကန်သံတမန်များရဲ့ စပိုင်ဆန်ဆန် ထိုးဖောက်မွှေနှောက်ထားမှုက သက်ဆိုင်ရာ နိုင်ငံများအတွက် ဒေါသထွက်စရာများ ဖြစ်လာခဲ့ပါတယ်။ ၀ီကီလိခ်စ်မှ ဖွင့်ချတဲ့ ဇတ်လမ်းများက ကမ္ဘာ့အကောင်းဆုံး ဖြစ်ရပ်မှန် စပိုင် ၀တ္ထုကြီးများသဖွယ်ဖြစ်ခဲ့ရပါသည်။


ဝီကီလိခ်စ်က ယိုစိမ့်ထွက်လာတဲ့ ဖိုင်များ တစ်ဖိုင်ချင်း တစ်ချင်း ဖွကြတာနဲ့အမျှ နိုင်ငံတစ်ခုချင်း အလိုက်ပြဿနာများက မီးခိုးကြွက်လျှောက် ဖြစ်ခဲ့ရသလို အမေရိကန်အစိုးရအတွက်လည်း ဂျူလီယန်အက်စ်ဆန်း မှာ သူတို့ရဲ့ ရန်သူဖြစ်သွားခဲ့ပါသည်။ အသက်(၃၉)နှစ်ရှိ သြစတေးလျနိုင်ငံသား ဂျူလီယန်အက်စ်ဆန်းမှာ အလွန်ပွေလီရှုပ်ထွေးနေတဲ့ ကွန်ပျူတာစနစ်များကို ထွင်းဖောက် (Hack)နိုင်သူဖြစ်ပြီး၊ သူ့ဘလောဂ့် iq.orgမှာ လူသိများပြီး သင်္ချာ၊ ဖလော်ဆော်ဖီကနေ အီရန်အစိုးရ ဆင်ဆာတားမြစ်မှုအထိ သူ့အမြင်မျိုးစုံကို ရေးသားထားသည်။ ၂၀၀၆ ခုနှစ်တွင် နိုင်ငံရေးလှုပ်ရှားသူတပိုင်း၊ ဂျာနယ်လစ်တပိုင်း လုပ်ဖို့ ၀ီကီလိခ်ကို စတင်ထူထောင်ခဲ့သည်။ သူ့ ၀ီကီလိခ်က အစိုးရများ၊ ကော်ပိုရေးရှင်းများ၊ ကျော်ကြားသူများရဲ့ အတွင်းသတင်း အနှံ့ပေါင်းစုံ၊ မူလအချက်အလက်ရင်းမြစ်ပေါင်းစုံကို အများသိအောင် ဖွင့်ချပေးခဲ့သည်။


၂၀၁၀ ဇူလိုင်လတွင် အာဖဂန်စစ်ပွဲနှင့် ပတ်သက်တဲ့ လျှို့ဝှက် အထောက်အထား ၉၀၀၀၀ ကျော်အထိ သူ့ဆိုဒ်က ထုတ်ပြန် ဖြန့်ချိခဲ့သည်။ အမေရိကန်သမိုင်းတွင် ပထမဦးဆုံး ထောက်လှမ်းရေး အချက်အလက် ယိုစိမ့်မှုကြီးဖြစ်သည်။ အောက်တိုဘာလထဲမှာ ၀ီကိလိခ်က အီရတ်စစ်ပွဲနှင့်ပတ်သက်တဲ့ အထောက်အထား အချက်အလက်ကို ထပ်ထုတ်ခဲ့သလို သံတန်ဆိုင်ရာ အချက်အလက်ပေါင်း ၂၅၀၀၀၀ ကျော်ကို အားလုံး ဖတ်နိုင်အောင် ၀ီကီလိခ်ပေါ် ထပ်တင်ပေးခဲ့သည်။ သာမန်လူထုကတော့ ၀ီကိလိခ်ကို လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ချီးကျူးထောပနာပြုကြသည်။ သို့သော် အိမ်ဖြူတော် ပင်တဂွန် အပါအ၀င် အစိုးရအများစုက ကမ္ဘာ့လုံခြုံရေးကို ဖျက်လိုဖျက်စီး လုပ်နေတဲ့ Website ဟု သတ်မှတ်ခဲ့ပြီး ဂျူလီယန်အက်စ်ဆန်းကို အမျိုးမျိုး ခြိမ်းခြောက်နေမှုများ ရှိနေခဲ့သည်။


ဆွီဒင်နိုင်ငံ စတော့ဟုမ်း တရားရုံးက မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့စွပ်စွဲပြီး အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်ခဲ့သည်။ သို့သော် သူ့ကို စွဲချက်တင်ထားသော အမှုများမှာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ခြင်းဖြစ်သည်ဟု တချို့က ဆိုကြသည်။ ဂျုလီယန်အက်စ်ဆန်းရဲ့ ခံယူချက်နှင့် ရည်ရွယ်ချက်ကတော့ တကမ္ဘာလုံး လုံးဝပွင့်လင်းမြင်သာမှုရှိရေး (Total Transparency)နှင့် လွပ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ရရှိဖို့ ဟုဆိုသည်။


Ref:ALinYaNant

No comments:

Post a Comment