ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တိုင်းတို့ တွင် ချထားပေးနေသော ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ ဖုန်းများမှ ဂျီအက်စ်အမ် ဖုန်းများသို့ စာတိုပို့စနစ် (SMS) ပေးပို့ခြင်းကို ယခုရက်ပိုင်းအတွင်း စတင်အသုံးပြုလာနိုင်ပြီဖြစ်သည်။
၎င်းဖုန်းများမှာ စီဒီအမ်အေနက်ဝပ်တွင် အသုံးပြုရသော ဖုန်းများဖြစ်ပြီး ယခင်က စီဒီအမ်အေဖုန်းအချင်းချင်းသာ ထိုစနစ်ကို အသုံးပြု နိုင်သည်။
"စီဒီအမ်အေ ၈၀၀ ဖုန်းတွေက အက်စ်အမ်အက်စ် ပို့လို့ရတာ ပြီးခဲ့တဲ့ ၁၆ ရက်နေ့လောက်က စတာပါပဲ။ ဖုန်းတွေမှာ roaming ဖွင့်ပေး လိုက်တာပါ။ သုံးတဲ့သူတွေ အရမ်းအဆင်ပြေသွားပါတယ်။ အချင်းချင်းပြောရင်းနဲ့ အခုဆိုသုံးတဲ့သူ တော်တော်များများသိပါတယ်။ ဆိုင်ကိုလည်း လှမ်းမေးကြပါတယ်။ ပို့ခကတော့ စီဒီအမ်အေ အချင်းချင်းပို့ခလိုပဲ တစ်စောင်ကို ၂၅ ကျပ် ပါပဲ။ အရင်က စီဒီအမ်အေ အချင်းချင်းပို့လို့ ရသလိုပဲ အခု ဂျီအက်စ်အမ်ကိုပါပို့လို့ရတော့ သုံးစွဲသူတွေ တော်တော်အဆင်ပြေပါတယ်" ဟု ရန်ကုန်မြို့ရှိ မိုဘိုင်း ဖုန်းဆိုင်တစ်ဆိုင်မှ မိုဘိုင်းဖုန်း ဆားဗစ်ကျွမ်းကျင်သူတစ်ဦးကပြောသည်။
"ပြီးခဲ့တဲ့ရက်ကပဲ ကျွန်တော့ဆီကို အက်စ်အမ်အက်စ် တစ်စောင်ရောက်လာလို့ ကြည့်လိုက်တော့ ဂျီအက်စ်အမ် ဖုန်းနံပါတ် မဟုတ်ဘဲ စီဒီအမ်အေ ဖုန်းနံပါတ်ဖြစ်နေတယ်။ အရင်တုန်းကတော့ သုံးလို့မရဘူးလို့ သိထားတာ။ နောက်ပိုင်း တခြားစီဒီအမ်အေဖုန်းတွေကို စမ်းကြည့်တော့လည်းရပါတယ်။ ကျွန်တော်က ပြန်ပို့မယ်ဆိုရင်တော့ မရပါဘူး" ဟု ဂျီအက်စ်အမ်ဖုန်းသုံးစွဲသူတစ်ဦးက ပြောသည်။
စီဒီအမ်အေဖုန်း သုံးစွဲသူတစ်ဦးကလည်း "ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက်ကပြောလို့ စမ်းပို့ကြည့်တော့ သုံးလို့ရပါတယ်။ ကျွန်တော့ဆီကိုတော့ ပြန်ပို့လို့မရသေးဘူး။ အဲဒီလို သုံးလို့ရတယ်ဆိုတော့ ကောင်းပါတယ်။ ဖုန်းအချင်းချင်း အက်စ်အမ်အက်စ်သုံးလို့ ရတာပေါ့"ဟုဆိုသည်။
Tin Zar Aung (Myanmar Time Journal)
No comments:
Post a Comment